နိုင်ငံရေးအကျဉ်းသား ၃၅၀၀ ကျော်သာ လွတ်မြောက်ကြောင်း အတည်ပြုနိုင်သေးဟု PPNM ဆို

ဓာတ်ပုံ - MPA

အကျဉ်းထောင် ၃၁ခုမှ နိုင်ငံရေးအကျဉ်းသား ၃၆၁၃ဦး လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ယနေ့(မန်၃ရက်)မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။

မတ်လ ၂ ရက်က အကျဉ်းထောင်အသီးသီး၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နှင့် ၅၂(က)တို့ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား စုစုပေါင်း ၇,၃၃၇ဦးကို ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ပုဒ်မခွဲ၁ စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားပြီး ယနေ့မွန်းလွဲ တစ်နာရီအထိ PPNM က အတည်ပြုထားနိုင် သော စာရင်းမှာ အထက်ပါအတိုင်း ဖြစ်သည်။

” ထပ်မံလွတ်လာနိုင်တဲ့ အခြေအနေတော့ မရှိတော့ဘူး။ မနေ့က လွတ်လားတဲ့ထဲကမှ ကျနော်တို့ တခြားထောင်တွေပေါ့နော်။ အကျဉ်းထောင် ၄၀ကျော်လောက်ကို စောင့်ကြည့်ပြီးမှ မနေ့ကလွတ် တဲ့သူတွေရှိ၊မရှိ ဒါတွေကို ဆက်ပြီးမှတော့ စိစစ်ရဦးမှာ ဖြစ်ပါတယ်ဗျ။ အရေအတွက် ထပ်တိုးတာ တော့ ရှိနိုင်ပါတယ်” ဟု PPNM ဦးဆောင်ကော်မတီဝင်၊ ကိုသိုက်ထွန်းဦးက MPA သို့ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် နယ်အကျဉ်းထောင်အချို့မှ လွတ်မြောက်သူများရှိသော်လည်း အသေးစိတ်မသိ ရသေးကြောင်း ၎င်းကပြောသည်။

” ဒီနေ့ မနက်မှာတော့ တချို့နယ်ထောင်တွေမှာ လွတ်တာရှိပေမဲ့ ကျနော်တို့ အသေးစိတ်ကတော့ မတွေ့ရဘူးပေါ့နော်။ တိတိကျကျတွေ စုံစမ်းဖို့တော့ ကျနော်တို့ အချိန်တစ်ခု ထပ်ယူရဦးမှာ ဖြစ်ပါ တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

လွတ်မြောက်လာသူ ၃၀၀၀ကျော်ထဲတွင် အိုးဘိုထောင်မှ အများဆုံးဖြစ်ပြီး ၉၃၂ဦး လွတ်လာကြောင်းသိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ၅၀(ည)နှင့် ၅၂(က)ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုများ ဖြင့် ထွက်ပြေးတိမ်းရှောင်နေ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံ ထားရသူ ၁၂၄၈၇ဦး၏ တရားရုံးကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉၅၃၂မှုကို ပိတ်သိမ်း၍ အမှုမှလွှတ်ရန်လည်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။