အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခအတွင်း ကူဝိတ်နိုင်ငံရှိ အရပ်ဘက်ဆိပ်ကမ်းတစ်ခုတွင် ယာယီဖွင့်လှစ်ထားသည့် စစ်ဆင်ရေးစင်တာကို အီရန်က တိုက်ရိုက်ပစ်ခတ်ခဲ့ရာ အမေရိကန်စစ်သည်များ ပထမဆုံးအကြိမ် သေဆုံးခဲ့ကြောင်း အခြေအနေကို သိရှိသည့် သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားထားသည်။
ရွှေအိုင်ဘာ (Shuaiba) ဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၆ ဦး အထိ မြင့်တက်လာကြောင်း၊ ပျောက်ဆုံးနေသော စစ်သည်နှစ်ဦး၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ပြီးနောက် တနင်္လာနေ့မွန်းလွဲပိုင်းတွင် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) က အဆိုပါစစ်သည်များ သေဆုံးခဲ့သည့် တိုက်ခိုက်မှုသည် အခိုင်အမာ ကာကွယ်ထားသော နည်းဗျူဟာမြောက် စစ်ဆင်ရေးစင်တာကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း၊ လေကြောင်းကာကွယ်ရေးစနစ်များကြားမှ ဒုံးကျည် သို့မဟုတ် ဒရုန်းတစ်စင်း လွတ်ထွက်ပြီး ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းရင်းမြစ်၏ ပြောပြချက်အရ ဒေသစံတော်ချိန် နံနက် ၉ နာရီကျော်တွင် ရုံးခန်းများအဖြစ် အသုံးပြုထားသည့် နောက်တွဲယာဉ်တွဲကြီး၏ အလယ်ဗဟိုကို တိုက်ရိုက်ထိမှန်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုသည် အလွန်လျင်မြန်ပြီး ကြိုတင်သတိပေးချက် သို့မဟုတ် ဥဩဆွဲသံများ လုံးဝမရှိခဲ့သည့်အတွက် စစ်သည်များအနေဖြင့် ဗုံးခိုကျင်းထဲသို့ ပြေးဝင်ရန် အချိန်မရခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုဖြစ်ပြီး နာရီပေါင်းများစွာကြာသည်အထိ အချို့နေရာများတွင် မီးခိုးများ ထွက်နေဆဲဖြစ်ပြီး ပေါက်ကွဲအားကြောင့် အဆောက်အအုံအတွင်းပိုင်းမှာ မည်းတူးကာ နံရံများ အပြင်ဘက်သို့ လွင့်ထွက်သွားကြောင်း ဖော်ပြထားသည်။
Planet Labs PBC မှ ရရှိသော ဂြိုဟ်တုဓာတ်ပုံများအရ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဆိပ်ကမ်းရှိ အဆောက်အအုံတစ်ခု မီးလောင်နေပြီး ကောင်းကင်သို့ မည်းမှောင်သော မီးခိုးများ တက်နေသည်ကို တွေ့ရသည်။ အဆိုပါ ဓာတ်ပုံများတွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က အခြေအနေနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့က အခြေအနေတို့ကို ယှဉ်ပြထားသည်။
CENTCOM က အစပိုင်းတွင် စစ်သည် ၃ ဦး သေဆုံးကြောင်းသာ ထုတ်ပြန်ခဲ့ပြီး တိုက်ခိုက်ခံရသည့်နေရာကို အတိအကျ မဖော်ပြခဲ့ပေ။ သို့သော် အခင်းဖြစ်ပွားရာတွင် လူပေါင်း ဒါဇင်နှင့်ချီ ရှိနေခဲ့ပြီး အဆောက်အအုံမှာ ဆက်လက်မီးလောင်နေသည့်အတွက် ပျောက်ဆုံးနေသည့် စစ်သည်များကို ပြန်လည်ရှာဖွေရန် အချိန်ယူခဲ့ရကြောင်း၊ သေဆုံးသူများ၏ မိသားစုများကို အကြောင်းကြားနေဆဲဖြစ်သဖြင့် စစ်သည်များ၏ အမည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။
အဆိုပါစစ်သည်များသည် ကင်တပ်ကီးပြည်နယ်၊ Fort Knox အခြေစိုက် 1st Theater Sustainment Command မှဖြစ်ပြီး ၉ လကြာ အလှည့်ကျတာဝန် ထမ်းဆောင်နေသူများဖြစ်သည်။
ယခုသေဆုံးသူ ၆ ဦးသည် စနေနေ့က စတင်ခဲ့သော အီရန်အား စစ်ဆင်ရေး (Operation Epic Fury) အတွင်း ပထမဆုံး ကျဆုံးခဲ့သည့် စစ်သည်များဖြစ်သည်။
ဝန်ကြီး ဟက်ဂ်ဆက်သ်နှင့် သမ္မတ ဒေါ်နယ်ထရန့် တို့က နောက်ထပ် အသေအပျောက်များ ရှိလာနိုင်သေးကြောင်း ပြောကြားထားကာ၊ CENTCOM ပြောရေးဆိုခွင့်ရှိသူကမူ လက်ရှိအချိန်အထိ အမေရိကန်စစ်သည် ၁၈ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်း ပြောကြားခဲ့သည်။
ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen. Dan Caine) က ကျဆုံးသွားသော စစ်သည်များသည် “နိုင်ငံတော်အတွက် အကောင်းဆုံးပေးဆပ်ခဲ့သူများ” နှင့် “ကိုယ်ကျိုးစွန့် အမှုထမ်းခြင်း၏ စံပြပုဂ္ဂိုလ်များ” ဖြစ်ကြောင်း ပြောကြားရင်း ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။
