မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်းရှိ တော်လှန်ရေးစိုးမိုးနယ်မြေထဲသို့ စစ်တပ်က နေ့စဉ် လက်နက်ကြီးများ ပစ်ခတ်နေသဖြင့် နေအိမ်ပျက်စီးမှုများရှိပြီး ဒေသခံတို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်းသိရသည်။
မတ်လ တစ်ရက်မှ ယနေ့ (မတ်လ ၃ရက်) အထိ ကပစ ၇တပ်၏ ဝင်ပေါက်လမ်းဖြစ်သည့် မှန်ပြင်တောင်ပေါ်မှနေ၍ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း အောင်လံ လူထုအဖွဲ့ထံက သိရသည်။
” ကာကွယ်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေဖြစ်ပြီး မြေပြင်ကစစ်ကြောင်းမထိုးခင် လက်နက်ကြီးအရင် ပစ်ခတ်တဲ့သဘောလို့ယူဆရပါတယ်။ နောက်တစ်ခုက မြေပြင်စစ်ကြောင်းမထိုးရဲဘဲ အဝေးကလှမ်း ပစ်နေတဲ့သဘောပါ။ ပစ်မှတ်ကို သူတို့အတိအကျ သိထားတဲ့သဘောပါ” ဟု အောင်လံလူထုမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆင်တုတ်(ချင်းကုန်းကြီး)၊ အင်းတော်သာ၊ အင်းရွာကြီး၊ ဒါးစမ်း၊ ကန်စွန်းအင်း၊ ကျောက်ဆောင်းရွာများ အပါအဝင် ကျေးရွာ၇ရွာမှ ဒေသခံပြည်သူ ၃၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
” စစ်ရှောင်တွေအဓိက လိုအပ်တာ မိုးကာနှင့်စားသောက်ကုန်ပါ။ တောတောင်တွေမှာ စစ်ရှောင်နေ တဲ့ အနေအထားပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့(မတ်၃ရက်)နေ့ခင်းပိုင်းတွင် စစ်တပ်က ကန်စွန်းအင်းကျေးရွာသို့ လက်နက်ကြီး၈လုံး ပစ်ခတ် ခဲ့ရာ ရွာအပြင်ဘက်သို့ ကျရောက်သဖြင့် ထိခိုက်မှုမရှိကြောင်းနှင့် မတ်လ ၂ရက်ကလည်း စီရွာသို့ လက်နက်ကြီး၃လုံး ပစ်ခတ်ခဲ့ရာ ထိခိုက်မှုမရှိကြောင်း အောင်လံလူထုက ထုတ်ပြန်ထားသည်။
မတ်လတစ်ရက်ကမူ ဒါးစမ်းကျေးရွာဘက်သို့ လက်နက်ကြီး ၂၇လုံးပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ ၂လုံး ကျရောက်ပေါက်ကွဲပြီး ဆွမ်းစားကျောင်းဆောင်အပါအဝင် နေအိမ် ၂၈လုံး မီးလောက်ပြာ ကျခဲ့သည်။
