အီရန်စစ်ဘက်ဆိုင်ရာ ပစ်မှတ် ၂,၀၀၀ နီးပါးနှင့် စစ်သင်္ဘော ၁၇ စင်းကို ချေမှုန်းနိုင်ခဲ့ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် ထုတ်ပြန်

အီရန်နိုင်ငံအပေါ် ဆင်နွှဲနေသည့် စစ်ဆင်ရေးအတွင်း အီရန်၏ စစ်ဘက်ဆိုင်ရာ ပစ်မှတ်ပေါင်း ၂,၀၀၀ နီးပါးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်သင်္ဘော ၁၇ စင်းကို နှစ်မြှုပ်နိုင်ခဲ့ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (US CENTCOM) တပ်မှူး Admiral Brad Cooper က ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

လက်ရှိ စစ်ဆင်ရေးတွင် အမေရိကန်တပ်မတော်မှ စစ်သည်အင်အား ၅၀,၀၀၀၊ တိုက်လေယာဉ် ၂၀၀ စင်း၊ လေယာဉ်တင်သင်္ဘော ၂ စင်းနှင့် ဗုံးကြဲလေယာဉ်များကို အသုံးပြုကာ အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ Admiral Cooper ၏ ပြောကြားချက်အရ အီရန်၏ စစ်ရေးစွမ်းဆောင်ရည်မှာ သိသိသာသာ အားနည်းလာနေပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်၏ B-2 နှင့် B-1 ဗုံးကြဲလေယာဉ်များသည် အီရန်နိုင်ငံအတွင်းပိုင်း နက်ရှိုင်းသည့်နေရာများရှိ ဒုံးကျည်ထုတ်လုပ်ရေး စက်ရုံများကို ခုခံမှုမရှိဘဲ တိကျစွာ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် အီရန်၏ လေကြောင်းရန်ကာကွယ်ရေး စနစ်များကိုလည်း အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့သဖြင့် အမေရိကန် လေတပ်အနေဖြင့် လေကြောင်းစိုးမိုးမှုကို အပြည့်အဝ ရရှိထားကြောင်း ဆိုသည်။

ရေတပ်ဆိုင်ရာ တိုက်ခိုက်မှုများတွင်လည်း အီရန်စစ်သင်္ဘော ၁၇ စင်းကို အလုံးအရင်းဖြင့် နှစ်မြှုပ်ပစ်နိုင်ခဲ့သဖြင့် အီရန်ရေတပ်မှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းက ပြောသည်။

Admiral Cooper က အမေရိကန်နှင့် မဟာမိတ်များကို ပြန်လည်တိုက်ခိုက်နိုင်သည့် အီရန်၏ စွမ်းရည်မှာ တစ်နေ့တခြား ကျဆင်းလာနေပြီး အမေရိကန်၏ တိုက်ခိုက်ရေးစွမ်းအားမှာမူ ပိုမိုတောင့်တင်းလာနေကြောင်း ပြောကြားခဲ့သည်။

လက်ရှိ စစ်ရေးအခြေအနေမှာ သတ်မှတ်ထားသည့် စစ်စီမံချက်ထက်ပင် ပိုမိုခရီးရောက်နေကြောင်းနှင့် မကြာမီတွင် ကြီးမားသော စစ်ရေးအောင်ပွဲကို ရရှိတော့မည်ဖြစ်ကြောင်း CENTCOM တပ်မှူးက အတည်ပြု ပြောကြားသွားခဲ့သည်။

ထို့အပြင် နောက်ထပ် စစ်ရေးစွမ်းရည်မြင့် လက်နက်များလည်း ထပ်မံရောက်ရှိလာဦးမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။