အီရန်အပေါ် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများတွင် ဗြိတိန်၏ ထောက်ခံအားပေးမှု အကန့်အသတ်ရှိနေခြင်းအပေါ် သမ္မတ ဒေါ်နယ်ထရန့်က မတ်လ ၃ ရက်နေ့တွင် အမေရိကန်၏ အနီးကပ်ဆုံး မဟာမိတ်တစ်ဦးဖြစ်သူ ဝန်ကြီးချုပ် ကီယာ စတာမာ ကို ဝေဖန်ကန့်ကွက်ခဲ့ပြီး ၎င်းကို ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဝင်စတန် ချာချီ နှင့် နှိုင်းယှဉ်ကာ နှိမ့်ချပြောဆိုခဲ့သည်။
“ကျနော်တို့ အခု ဆက်ဆံနေရတာ ဝင်စတန် ချာချီ မဟုတ်ဘူး” ဟု ထရန့်က ဒုတိယကမ္ဘာစစ်အတွင်းက ဂန္ထဝင်မြောက် ဗြိတိန်ခေါင်းဆောင်ဟောင်းကို ရည်ညွှန်းပြီး အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။
အမေရိကန်၏ အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများမှာ ပေါ့ဆရာရောက်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်နေသည်ဟု ရှုမြင်ထားသည့် အမေရိကန်၏ မဟာမိတ်အချို့ကြားတွင် စိုးရိမ်ပူပန်မှုများ ရှိနေချိန်တွင် ယခုသီတင်းပတ်အတွင်း စတာမာအပေါ် ထရန့်၏ တတိယအကြိမ်မြောက် ပြင်းထန်သော ဝေဖန်မှုလည်း ဖြစ်သည်။
စတာမာက မည်သည့် ဗြိတိန်စစ်ရေးအသုံးချမှုမဆို “လက်တွေ့ကျပြီး သေချာစဉ်းစားထားသည့် အစီအစဉ်” ရှိရမည်ဖြစ်ပြီး “ကောင်းကင်ယံမှနေ၍ အစိုးရအပြောင်းအလဲလုပ်ခြင်း” ကို မိမိမယုံကြည်သောကြောင့် အမေရိကန်-အစ္စရေးတို့၏ တီဟီရန်အပေါ် တိုက်ခိုက်မှုတွင် ဗြိတိန်မပါဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။
သို့သော် အီရန်က ဒေသတွင်းရှိ အမေရိကန်မဟာမိတ်များကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက်၊ အီရန်၏ စွမ်းဆောင်ရည်ကို အားနည်းသွားစေရန်အတွက် “အကန့်အသတ်ရှိပြီး ခုခံကာကွယ်သည့် တိုက်ခိုက်မှုများ” အဖြစ် အမေရိကန်အား ဗြိတိန်အခြေစိုက်စခန်းများကို အသုံးပြုခွင့် ပေးခဲ့သည်။
မတ်လ ၂ ရက်နေ့က ဆိုက်ပရပ်စ်ရှိ ဗြိတိန်အခြေစိုက်စခန်းတစ်ခုကို ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး၊ ယင်းမှာ အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန် ဟစ်ဇဘိုလာအဖွဲ့က ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဆိုက်ပရပ်စ်အရာရှိများက ဆိုသည်။
ဂျာမနီဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ် နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ်အတွင်း ထရန့်က အမေရိကန်၏ စစ်လေယာဉ်များကို ဗြိတိန်၏ မဟာဗျူဟာမြောက် အရေးပါသော ဒီယေဂိုဂါစီယာ လေတပ်အခြေစိုက်စခန်းတွင် ဆင်းသက်ခွင့်မရခဲ့ခြင်းအပေါ် စိတ်ပျက်လက်ပျက် ပြောဆိုခဲ့သည်။
“ဗြိတိန်အပေါ် ကျနော် စိတ်ပျက်တယ်” ဟု သတင်းစာရှင်းလင်းပွဲ တွင် ထရန့်က ထုတ်ဖော်ပြောကြားခဲ့သည်။
“ဘယ်နေရာမှာ ဆင်းသက်လို့ရမလဲဆိုတာကို သိဖို့ ၃ ရက်၊ ၄ ရက်လောက် အချိန်ယူခဲ့ရတယ်။ အပိုနာရီပေါင်းများစွာ ပျံသန်းနေရမယ့်အစား အဲဒီမှာ ဆင်းသက်ရတာက ပိုအဆင်ပြေမှာပါ။ ဒါကြောင့် ကျနော်တို့ အရမ်းအံ့သြမိတယ်” စတာမာသည် အီရန်အပေါ် တိုက်ခိုက်မှု၏ “တရားဝင်မှု” ကို စိုးရိမ်နေပုံရကြောင်း ထရန့်က မတ်လ ၂ ရက်နေ့တွင် Telegraph သတင်းစာသို့ ပြောကြားခဲ့သည်။
ဗြိတိန်ပြည်တွင်း၌လည်း စတာမာသည် အီရန်စစ်ပွဲအပေါ် ဆုံးဖြတ်ချက်ကြောင့် ဘက်ပေါင်းစုံမှ ဝေဖန်ခံနေရပြီး လက်ဝဲယိမ်း အတိုက်အခံများက စစ်ရေးလှုပ်ရှားမှုကို ရှုတ်ချရန် တောင်းဆိုနေကြသည်။
သို့သော် လက်ယာယိမ်း အတိုက်အခံခေါင်းဆောင်များက ဗြိတိန်၏ အဓိက လုံခြုံရေးနှင့် ထောက်လှမ်းရေးမဟာမိတ်ကို ထောက်ခံရန် ပျက်ကွက်မှုအတွက် စတာမာကို တိုက်ခိုက်ခဲ့ကြသည်။
ထရန့်က မတ်လ ၃ ရက်တွင် ထုတ်ဝေသော Sun သတင်းစာနှင့် အင်တာဗျူးတွင် “ဒီဆက်ဆံရေးက အရင်လို မဟုတ်တော့တာကို မြင်ရတာ အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။
ဗြိတိန်သည် တွန့်ဆုတ်နေသော မဟာမိတ်ဖြစ်လာလိမ့်မည်ဟု မိမိဘယ်တုန်းကမှ မတွေးခဲ့ဖူးကြောင်း ထည့်သွင်းပြောဆိုခဲ့ပြီး ပြင်သစ်နှင့် ဂျာမနီတို့ကိုမူ ချီးကျူးစကားဆိုခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်၏ တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အမေရိကန်၊ အစ္စရေးတို့နှင့် နီးကပ်စွာ ဆက်သွယ်နေကြောင်းနှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် တောင်းဆိုထားကြောင်း ဖော်ပြခဲ့သည်။
ရှေ့နေဟောင်းတစ်ဦးဖြစ်သူ စတာမာကမူ ဗြိတိန်၏ အမျိုးသားအကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မည့်အရာကို မိမိဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မတ်လ ၂ ရက်နေ့က လွှတ်တော်တွင် ပြောကြားကာ ၎င်း၏လုပ်ဆောင်ချက်ကို ခုခံကာကွယ်ခဲ့သည်။
YouGov က မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်သော လူထုသဘောထားစစ်တမ်းအရ ဗြိတိန်ပြည်သူ ၄၉ ရာခိုင်နှုန်းမှာ အမေရိကန်၏ အီရန်အပေါ် တိုက်ခိုက်မှုကို ဆန့်ကျင်ကြပြီး ၂၈ ရာခိုင်နှုန်းကသာ ထောက်ခံကြသည်။
ဗြိတိန် အကြီးတန်းဝန်ကြီး ဒါရင်ဂျုံးစ်က ဗြိတိန်အနေဖြင့် ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲတွင် ပါဝင်ခဲ့မှုမှ သင်ခန်းစာများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုစဉ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်သော လက်နက်များရှိသည်ဟူသော မှားယွင်းသည့် အကြောင်းပြချက်ဖြင့် ဆဒ္ဒမ်ဟူစိန်ကို ဖြုတ်ချရန် အမေရိကန်နှင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
“အီရတ်ကရတဲ့ သင်ခန်းစာတစ်ခုကတော့ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံတကာမဟာမိတ်တွေနဲ့ တက်ညီလက်ညီရှိဖို့၊ ပြီးတော့ အစီအစဉ်မှာ ရှင်းလင်းတဲ့ ဥပဒေကြောင်းအရ အခြေခံရှိဖို့က ပိုကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။
