အရှေ့အလယ်ပိုင်းဒေသရှိ မြန်မာနိုင်ငံသားများနှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အွန်လိုင်းမှတွေ့ဆုံကာ အားပေးစကားပြောခဲ့ကြောင်း သိရသည်။
မတ်လ၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် အရှေ့အလယ်ပိုင်းဒေသရှိ မြန်မာနိုင်ငံသားများနှင့် အွန်လိုင်းမှတွေ့ဆုံကာ လတ်တလော အရှေ့အ လယ်ပိုင်းဒေသအတွင်း စစ်ရေးတင်းမာမှုများနှင့် လုံခြုံရေးအခြေအနေများ ကြုံတွေ့နေရသည့် အချိန်၌ နိုင်ငံရပ်ခြားရောက် မြန်မာနိုင်ငံသားများ၏ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပြီး အားပေးစကား ပြောကြားခဲ့ကြောင်း NUGနိုင်ငံခြားရေးဝန် ကြီး ဌာနက ယနေ့(မတ်၄ရက်) သတင်းထုတ်ပြန်သည်။
“မြန်မာတွေကတော့ ထုံးစံအတိုင်း ကူသူကယ်သူမဲ့ပါပဲ။ထိုင်းအစိုးရက အရှေ့အလယ်ပိုင်းရောက်နေ တဲ့ သူ့နိုင်ငံသားတွေကို အထူးလေယာဉ်နဲ့ ကယ်ထုတ်ပေးမယ်လေ။ဒူဘိုင်းမှာတော့ မြန်မာကောင်စစ် ဝန်ရုံးလို့ပြောတယ်။မြန်မာတွေလုံခြုံရေးသတိနဲ့ နေဖို့ လိုင်းပေါ် စာထုတ်တယ်လို့ ကြားတယ်။ဒီ လောက်ပါပဲ”ဟု လှိုင်သာယာနေ ဒူဘိုင်းရောက် မြန်မာအမျိုးသမီးတစ်ဦး၏ မိသားစုဝင်က MPA သို့ပြောသည်။
အရှေ့အလယ်ပိုင်းရောက် မြန်မာများအရေးကို NUGအစိုးရအနေနှင့် မည်သို့မျှ မတတ်နိုင်မှန်း သိသော်လည်း တတ်နိုင်သလောက် အွန်လိုင်းမှ တွေ့ဆုံအားပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း လည်း ၎င်းက ပြောသည်။
“အရှေ့အလယ်ပိုင်းမှာ ကျနော်တို့ခန့်မှန်းမိသလောက် မြန်မာအလုပ်သမားတွေ ၃သိန်းခွဲလောက် ရှိ နိုင်တယ်။ကျနော်တို့သိသလောက်ပြောရရင် အဲမှာ အလုပ်လုပ်တာ ကြာနေပြီမို့ အိမ်ပြန်မလို့ ရည် ရွယ်ထားတဲ့သူတွေပဲ ပြန်ချင်ကြတယ်။ကျန်တဲ့သူတွေကတော့ ပြန်ပြီးရင် ပြန်သွားဖို့မလွယ်တာရော ၊ခရီးစရိတ်ဘာညာပေါ့၊ရှိသေးတယ်မဟုတ်လား။အဲဒါကြောင့် မပြန်ချင်ကြဘူး။ဘယ်လိုမှ မတတ် သာမှ စဉ်းစားကြမယ်ထင်တယ်။ဒါပေမဲ့၊ပြန်ချင်လည်း စစ်တပ်က ဘာမှ လုပ်ပေးမှာ မဟုတ်ဘူး ”ဟု ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
အွန်လိုင်းတွေ့ဆုံပွဲသို့ NUGအစိုးရ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်လည်း တက်ရောက်ခဲ့ပြီး နွေဦးတော်လှန်ရေး၏ လက်ရှိအောင်မြင်မှုများ၊ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ နှင့် အနာဂတ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်း တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း NUGနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
ဖေဖေါ်ဝါရီ၂၈ရက်က စတင်ခဲ့သော အမေရိကန်-အစ္စရေးနှင့် အီရန်နိုင်ငံတို့ စစ်ပွဲကြောင့် အမေရိကန် တပ်စခန်းများရှိသည့် အရှေ့အလယ်ပိုင်းနိုင်ငံများပါ စစ်ဒဏ်သင့်လျက်ရှိသည်။
