ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က အရှေ့အလယ်ပိုင်းတွင် အရှိန်မြင့်လာသည့် အကြပ်အတည်းများကြောင့် အန္တရာယ်ရှိနေသည့် ပင်လယ်ရေကြောင်း သွားလာမှုများကို ကာကွယ်ရန်အတွက် ပြင်သစ်၏ လေယာဉ်တင်သင်္ဘော Charles de Gaulle ကို စေလွှတ်လိုက်ပြီဖြစ်ကြောင်းနှင့် မဟာမိတ်အဖွဲ့တစ်ခု တည်ဆောက်ရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သို့ ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် မက်ခရွန်က ဟော်မုဇ် ရေလက်ကြား (Straits of Hormuz) ပိတ်ဆို့ခံထားရခြင်း၊ ဆူးအက်တူးမြောင်းနှင့် ပင်လယ်နီ သင်္ဘောလမ်းကြောင်းများမှာလည်း ပြန့်နှံ့လာသည့် စစ်မီးကြောင့် ခြိမ်းခြောက်ခံနေရခြင်းတို့ကြောင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
“ဒီစစ်ပွဲကြောင့် ရေနံဈေးနှုန်း၊ ဂတ်စ်ဈေးနှုန်းတွေနဲ့ နိုင်ငံတကာ ကုန်သွယ်ရေး အခြေအနေတွေဟာ ပြင်းပြင်းထန်ထန် အနှောင့်အယှက် ဖြစ်နေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ စီးပွားရေး အကျိုးစီးပွားတွေကို ကာကွယ်ဖို့ လိုအပ်ပါတယ်” ဟု မက်ခရွန်က ဆိုသည်။
ပြင်သစ်နိုင်ငံအနေဖြင့် ဆိုက်ပရပ်စ် (Cyprus)သို့ စစ်သင်္ဘောတစ်စင်း စေလွှတ်ထားပြီးဖြစ်သလို၊ ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများ၏ ဝေဟင်ထက်တွင် ဒရုန်းများကို ပစ်ချပေးခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ စစ်ဆင်ရေးများတွင် Rafale တိုက်လေယာဉ်များကိုလည်း အသုံးပြုလျက်ရှိသည်။
“ကျွန်တော်တို့မှာ ကာတာ၊ ကူဝိတ်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့နဲ့ ချုပ်ဆိုထားတဲ့ ကာကွယ်ရေး သဘောတူညီချက်တွေ ရှိပါတယ်။ အဲ့ဒီနိုင်ငံတွေဟာ အဓိက ပစ်မှတ်ထားခံနေရတာကြောင့် ကျွန်တော်တို့အနေနဲ့ သူတို့နဲ့အတူ ရပ်တည်ပေးဖို့ တာဝန်ရှိပါတယ်” ဟု မက်ခရွန်က ပြောကြားခဲ့သည်။
ထို့အပြင် ဒေသတွင်းမှ ထွက်ခွာလိုသည့် ပြင်သစ်နိုင်ငံသားများကို ကူညီပေးနေပြီး အင်္ဂါနေ့ ညနေပိုင်းတွင် ပါရီသို့ လေယာဉ်နှစ်စင်း ဆိုက်ရောက်ရန် ရှိကြောင်းနှင့် ပြင်သစ်နိုင်ငံအတွင်းရှိ အရေးကြီးသည့် နေရာအချို့တွင်လည်း လုံခြုံရေးကို တိုးမြှင့်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
မက်ခရွန်က အမေရိကန်နှင့် အစ္စရေးတို့၏ စစ်ရေးလှုပ်ရှားမှုများအတွက် အီရန်တွင် အဓိက တာဝန်ရှိသည် ဟု ပြောဆိုခဲ့သော်လည်း ” အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့သည် စစ်ဆင်ရေးတွေကို စတင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီစစ်ဆင်ရေးတွေကို နိုင်ငံတကာဥပဒေ ပြင်ပကနေ လုပ်ဆောင်ခဲ့တာဖြစ်လို့ ကျွန်တော်တို့အနေနဲ့ အတည်မပြုနိုင်ပါဘူး (လက်မခံနိုင်ပါဘူး)” ဟု ဝေဖန်ပြောကြားခဲ့သည်။
