ရခိုင်ဒေသထွက် ချက်အရက် သောက်သုံးခြင်းက ကျန်းမာရေးအတွက် ဆိုးကျိုးများနိုင်ဟုဆို

ဓာတ်ပုံ-MPA
ပုံစာ- ရခိုင်ပြည်နယ်ရှိ တောအရက်ချက်လုပ်နေသည့် လုပ်ငန်းခွင်တစ်ခု

ရခိုင်ရှိ မြို့နယ်အများစုကို အေအေ (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီးနောက်၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စစ်ကော်မရှင်ထုတ် အရက်၊ ဘီယာ၊ ဝိုင် စသည့် ယစ်မျိုးကုန်မျိုးစုံအား သောက်သုံးခြင်း၊ ရောင်းချခြင်းနှင့် သိုလှောင်ခြင်းများကို လုံးဝပိတ်ပင်ခဲ့သည်။

ရောင်းချသောက်သုံးသူများကို အရေးယူမည်ဟု ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှစတင်ကာ ပိတ်ပင်တားဆီးပြီးနောက်တွင် ဒေသခံများမှာ ချက်အရက် (အရပ်ခေါ် တောအရက်) တစ်မျိုးတည်းကိုသာ ရွေးချယ်သောက်သုံးခဲ့ကြရသည်။

ရခိုင်ရှိ ချက်အရက်သည် စနစ်တကျ ချက်လုပ်ထားသည့် အရက်မဟုတ်သည့်အတွက် ကျန်းမာရေးအတွက် ဆိုးကျိုးများလာနိုင်ကြောင်း ရခိုင်မှ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးက ထောက်ပြသည်။

“ဒီဟာတွေက တရားဝင်ထုတ်လုပ်ထားတာ မဟုတ်ဘူးဆိုတော့ ဘယ်လိုပြောရမလဲ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ရှိလာနိုင်တယ်။ စစ်ဆေးထားတာလည်း မဟုတ်တော့လေ။ ဒီဟာတွေက မဖြစ်သင့်ဘူးလို့ မြင်ပါတယ်” ဟု ၎င်းက MPA သို့ ပြောသည်။

ထိုချက်အရက်များကို သောက်သုံးသူ များပြားလာသည်နှင့်အမျှ အရက်ချက်သူများတွင် အရက်ပျံနှင့် ရောစပ်ကာ ရောင်းချမှုများလည်း ရှိလာသည့်အတွက် အရက်ပျံသည် သောက်စရာမဟုတ်ကြောင်းနှင့် ချက်အရက်များတွင် Methanol (မီသနော) ၁၂ ရာခိုင်နှုန်းအထိ ပါဝင်ကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် အေအေ၏ ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်ထဲသို့ ပြည်မမှ အရက်များ တင်သွင်းခွင့်ကို အေအေက တားမြစ်လိုက်ပြီးနောက် လူငယ်များ တောအရက်ကို အသောက်များလာကြသဖြင့် အေအေ၏ ကျန်းမာရေးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ချက်အရက်ကို သုံးလခန့် ဆက်တိုက်သောက်သုံးလျှင် အသေစောသည့် အရက်တစ်မျိုးဖြစ်ကြောင်းလည်း ပြောဆိုထားသည်ကို တွေ့ရသည်။

သို့သော် မြေပြင်တွင် တောအရက် ရောင်းချခြင်းအား တားဆီးပိတ်ပင်ခြင်းများ မရှိသကဲ့သို့ သောက်သုံးသူများမှာလည်း ဆက်လက်သောက်သုံးနေကြဆဲဖြစ်သည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် ယခုတောအရက်မှာ အရည်အသွေး မပြည့်မီပါက နိုင်ငံခြားပြည်ပမှ အရည်အသွေးပြည့်မီသည့် အရက်များကို တင်သွင်းခွင့်ပြုသင့်သည်ဟု နောက်ထပ် ရခိုင်အမျိုးသားတစ်ဦးက ဆိုသည်။

“စကမအရက်ကလွဲရင် ကျန်ပြည်ပထွက်အရက်တွေကို ခွင့်ပြုသင့်တယ်။ ကိုယ်တို့ဆီမှာ အရည်အသွေးပြည့်မီတဲ့ အရက်မထွက်နိုင်သေးတဲ့ ကာလမှာပေါ့” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တောအရက်များ ချက်လုပ်ရောင်းချရန် အေအေထံတွင် လုပ်ငန်းလိုင်စင်နှင့် ခွင့်ပြုချက်တောင်းခံရန် မလိုအပ်သော်လည်း၊ ရောင်းချသူများအနေဖြင့် ဆိုင်အကြီးအသေးအပေါ် မူတည်ပြီး အရက်ရောင်းချသည့် အခွန်အဖြစ် ပေးဆောင်ရသည်ကို တွေ့ရကြောင်း ဒေသခံများက ဆိုကြသည်။

ရခိုင်ရှိ ချက်အရက်သည် ကောင်းကျိုးထက် ဆိုးကျိုးများလာနိုင်သည့်အတွက်ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်မီစစ်ဆေးမှုများ ပြုလုပ်သင့်ပြီး အရက်သောက်သုံးသူများနှင့် ရောင်းချသူများကို စနစ်တကျ ကြပ်မတ်ပေးသင့်ကြောင်း ကျောက်တော်မြို့နယ်မှ အရက်သောက်တတ်သူတစ်ဦးက ပြောသည်။

ကျေးရွာအတွင်း ရောင်းချနေကြသည့် ဆိုင်များရှိ ချက်အရက်များတွင် မည်သည့်အရာကို ရောစပ်ထားမှန်းမသိဘဲ သောက်သုံးရသည်မှာ အဆင်မပြေဟု ဆိုသည်။

အဆိုပါ ကျောက်တော်ဒေသခံက “ကျနော်က ကြိုက်တတ်လို့ သောက်ဖြစ်ပါတယ်။ တခါတလေကျတော့ မျိုချလိုက်ရင် လည်ချောင်းတွေ ဆာအောင့်အောင့် ဖြစ်သွားတယ်။ ရင်ထဲအောင့်သက်သက် ခံစားရတယ်။ ဘယ်လိုမျိုးမှန်း မသိဘူး။ မနက်မိုးလင်းရင် ခေါင်းတွေမူး၊ စိတ်တွေ မကြည်မလင်ဖြစ်တာမျိုးလည်း ရှိတယ်” ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ချောင်းအတွင်း မျောပါလာသည့် အရက်ဆီပုံးကို ဆယ်ယူပြီး ရေနှင့်ရောစပ်သောက်ရာမှ ရွာသားလူငယ် ၅ ဦး သေဆုံးခဲ့ရသည်။