AFP
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်အနေဖြင့် ယူကရိန်းတစ်နိုင်ငံလုံးကို သိမ်းလိုက်လိုနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက သတိပေးခဲ့ပြီးနောက် ပူတင်ကလည်း ရုရှားနှင့် ယူကရိန်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ရပ်နားထားကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ပ်ကလည်း ပူတင်အပေါ် စိတ်ရှည်မှု ကုန်ခန်းလာပြီဖြစ်ကြောင်း သတိပေးထားသလို နေတိုးမဟာမိတ်အဖွဲ့ကလည်း ယခုသီတင်းပတ်အတွင်း ပိုလန်လေပိုင်နက်၌ ရုရှားဒရုန်းများ ပစ်ချခံရပြီးနောက် ပိုလန်အရှေ့ဘက်ခြမ်းကို အားဖြည့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ရုရှားစစ်တပ်က ၎င်း၏ အဓိကမဟာမိတ်ဖြစ်သည့် ဘယ်လာရုစ်နှင့် အကြီးစားပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည်။
ထရမ့်ပ်က ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေးနွေးစေရန်နှင့် အလက်စကာတွင် ပူတင်ကို လက်ခံတွေ့ဆုံခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ရုရှား၏ ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့သော စစ်ပွဲကို အဆုံးသတ်ရန်အတွက် သိသာထင်ရှားသည့် တိုးတက်မှုများ မရှိသေးပေ။
ရုရှားစစ်တပ်သည် နယ်မြေအချို့ကို ရရှိထားပြီး ပူတင်ကလည်း ယူကရိန်းအနေဖြင့် နောက်ထပ်နယ်မြေများ ပေးအပ်ရန် အပါအဝင် တောင်းဆိုချက်များ မလိုက်လျောပါက တိုက်ပွဲဆက်လက်ဆင်နွှဲမည်ဟု ကြေညာထားသည်။
ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ်က “ကျွန်တော်တို့ရဲ့ ဆွေးနွေးသူတွေဟာ ဆက်သွယ်ရေးလမ်းကြောင်းတွေကနေတဆင့် ဆက်သွယ်ဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ ဆွေးနွေးပွဲတွေ ရပ်နားထားတယ်လို့ ပြောတာက ပိုပြီးတိကျမယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
ကိယက်ဗ်မြို့တွင် ကျင်းပသည့် ညီလာခံတစ်ခု၌ ဇလန်းစကီးက အနောက်နိုင်ငံများသည် ပူတင်ကို မယုံကြည်သင့်ကြောင်း ပြောကြားခဲ့သည်။
“ပူတင်ရဲ့ ရည်ရွယ်ချက်က ယူကရိန်းတစ်ခုလုံးကို သိမ်းပိုက်ဖို့ပါ။ သူဘယ်သူ့ကို ဘာပြောပြော သူရဲ့ကိုယ်ပိုင်ရည်မှန်းချက်တွေကို အခြေခံကျကျ ပြောင်းလဲဖို့ အတင်းအကျပ် မဖိအားပေးနိုင်သရွေ့တော့ သူ့စစ်စက်ယန္တရားကို သူရပ်တန့်နိုင်မှာမဟုတ်ဘူးဆိုတာ ရှင်းပါတယ်” ဟု ဇလန်းစကီးက ပြောသည်။
ပူတင်က ရုရှားနှင့်နေတိုး ပဋိပက္ခသည် တတိယကမ္ဘာစစ်နှင့် တစ်လှမ်းသာ ဝေးတော့ကြောင်း အနောက်နိုင်ငံများကို သတိပေးထားသည်။
ရုရှား၏ ထိုးစစ်ကို ရပ်တန့်နိုင်ရန်အတွက် မဟာမိတ်များအနေဖြင့် တရုတ်နိုင်ငံက ဩဇာသုံးလာရေးကို တိုက်တွန်းရန် ယူကရိန်းသမ္မတက ပြောကြားသည်။
ထရမ့်ပ်သည် ရုရှားကို ထိုးစစ်ရပ်တန့်ရန် နောက်ထပ်ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ထပ်ခါတလဲလဲ ခြိမ်းခြောက်ခဲ့သော်လည်း လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့သဖြင့် ယူကရိန်းဘက်က စိတ်ပျက်ခဲ့ရသည်။
ပူတင်၏ ပဋိပက္ခကို အဆုံးမသတ်လိုခြင်းကြောင့် စိတ်ရှည်မှုကုန်ခန်းနေပြီလားဟု Fox ရုပ်မြင်သံကြားက မေးမြန်းမှုနှင့် ပတ်သက်၍ ထရမ့်ပ်က “စိတ်ကုန်လာပြီပြီ၊ တော်တော်ကို ကုန်နေတာပါ။ ဒါပေမဲ့ ဒါက နှစ်ဦးနှစ်ဖက်ပါမှ ရတာပါ” ဟု ပြောကြားခဲ့သည်။
“အံ့သြစရာပဲ။ ပူတင်က လုပ်ချင်တဲ့အချိန် ဇလန်းစကီးက မလုပ်ခဲ့ဘူး။ ဇလန်းစကီးက လုပ်ချင်တဲ့အချိန် ပူတင်က မလုပ်ခဲ့ဘူး။ အခုတော့ ဇလန်းစကီးက လုပ်ချင်နေပြီ၊ ပူတင်ကတော့ မရေမရာဖြစ်နေတယ်။ ကျွန်တော်တို့ အင်မတန်ကို ခိုင်မာတဲ့ဆုံးဖြတ်ချက်ချဖို့ လိုလာပါပြီ” ဟုလည်း ထရမ့်ပ်က ဆိုသည်။
ယူကရိန်းသည် သဘောတူညီမှုတစ်ခုအတွက် နယ်မြေဆုံးရှုံးမှုများကို ခံယူမည်မဟုတ်ကြောင်း ပြောကြားထားပြီး အကျပ်အတည်းမှ ရုန်းထွက်နိုင်ရန်အတွက် ပူတင်-ဇလန်းစကီး ထိပ်သီးအစည်းအဝေးကို တောင်းဆိုနေသည်။
ပူတင်က ထိုအစည်းအဝေးကို လက်တွေ့တွင် ပယ်ချထားပြီး ၎င်း၏ခွင့်ပြုချက်မပါဘဲ ယူကရိန်းသို့ ငြိမ်းချမ်းရေး ထိန်းသိမ်းသူများအဖြစ် စေလွှတ်နိုင်သည့် မည်သည့်အနောက်တိုင်း စစ်သားကိုမဆို ပစ်မှတ်ထားမည်ဟု ခြိမ်းခြောက်ထားသည်။
ရုရှား၏ ကျူးကျော်မှုကြောင့် ယူကရိန်းတွင် လူပေါင်းသောင်းနှင့်ချီ သေဆုံးခဲ့ရပြီး၊ သန်းပေါင်းများစွာသော ပြည်သူများသည် ၎င်းတို့၏နေအိမ်များမှ ထွက်ပြေးခဲ့ရကာ နိုင်ငံ၏အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသအများစုမှာ ပျက်စီးသွားခဲ့သည်။
ပိုလန်က ရုရှားဒရုန်း ၁၉ စီးသည် ၎င်း၏လေပိုင်နက်ထဲသို့ ဝင်ရောက်လာပြီး ၎င်းတို့အနက် သုံးစီးကို ဝါဆောနှင့် နေတိုးမဟာမိတ်များက တိုက်လေယာဉ်များ လွှတ်တင်၍ ပစ်ချခဲ့ပြီးနောက် ဥရောပတစ်ခွင် တင်းမာမှုများ မြင့်တက်လာခဲ့သည်။
နေတိုးအကြီးအကဲ မာ့ခ် ရူတာက ထိုဖြစ်စဉ်အပြီးတွင် မဟာမိတ်အဖွဲ့က ၎င်း၏အရှေ့ဘက်ခြမ်းကို အားဖြည့်သွားမည်ဖြစ်ပြီး ဒိန်းမတ်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့ကလည်း လာမည့်ရက်များအတွင်း “ပိုင်ဆိုင်မှုများ” ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗြိတိန်က လက်နက်များ၊ ပစ္စည်းကိရိယာ ထောက်ပံ့သူများနှင့် ပိတ်ဆို့မှုကို ရှောင်ရှားသည့် “အရိပ်ရေတပ်” သင်္ဘောများကို ပစ်မှတ်ထားသည့် ရုရှားအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ကြောင်း ကြေညာခဲ့သည်။
ထို့အပြင် ဥရောပသမဂ္ဂ (အီးယူ) ကလည်း ရုရှားအရာရှိများနှင့် အဖွဲ့အစည်းပေါင်း ၂,၅၀၀ ကျော်အပေါ် ပိတ်ဆို့မှုများကို ခြောက်လသက်တမ်းတိုးခဲ့သည်။
ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်လ် တက်စ်ခ်က ဒရုန်းများ ၎င်း၏နိုင်ငံပေါ်သို့ ပျံသန်းလာခြင်းသည် မတော်တဆ တစ်ခုမဟုတ်ဟု ပြောကြားခဲ့ပြီး မတော်တဆဖြစ်နိုင်သည်ဆိုသည့် ထရမ့်ပ်၏ အကြံပြုချက်ကို ပယ်ချခဲ့သည်။
ယခုသီတင်းပတ်တွင် တက်စ်ခ်က ပိုလန်သည် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း မည်သည့်အချိန်ကမှ မကြုံစဖူးသော ပဋိပက္ခနှင့် အနီးစပ်ဆုံးအနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပေးခဲ့သည်။
ရုရှားက ပိုလန်ကို ပစ်မှတ်ထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး နိုင်ငံအနေဖြင့် ဒရုန်းများသည် ရုရှား၏ဒရုန်းများဖြစ်ကြောင်း သက်သေအထောက်အထားများ မတင်ပြနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၂ ရက်က စတင်ခဲ့သည့် ရုရှားနှင့် အိမ်နီးချင်း ဘယ်လာရုစ်တို့အကြား စစ်ရေးလေ့ကျင့်မှုများက တင်းမာမှုများကို ပိုမိုမြင့်တက်စေခဲ့သည်။
ထိုစစ်ရေးလေ့ကျင့်မှုများတွင် ပိုလန်နှင့် လစ်သူယေးနီးယားနယ်စပ်အနီးနှင့် ဘောလ်တစ်နှင့် ဘားရင့် ပင်လယ်များတွင် လေ့ကျင့်မှုများ ပါဝင်သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးလေ့ကျင့်မှုတွင် သံချပ်ကာယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ရေတပ်သင်္ဘောများ အပါအဝင် အကြီးစားစစ်ပစ္စည်းကိရိယာများ ပါဝင်နေသည့် ဗီဒီယိုတစ်ခုကို တင်ခဲ့သည်။
ရုရှားနှင့် ဘယ်လာရုစ်တို့က ၎င်းတို့သည် အန္တရာယ်ဖြစ်စေသည်ဟူသော စွပ်စွဲချက်များကို ပယ်ချခဲ့သည်။
သို့သော် ပိုလန်က ထိုစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေစဉ်ကာလအတွင်း ဘယ်လာရုစ်နယ်စပ်အနီးသို့ တပ်ဖွဲ့ဝင် ၄၀,၀၀၀ ခန့် ချထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
