တူရကီနိုင်ငံအပေါ် အီရန်၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နေတိုး (NATO) စစ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့က ၎င်းတို့၏ ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးစနစ်များကို သတိပေးချက်နှင့် အသင့်ပြင်ဆင်မှုအဆင့် တိုးမြှင့်လိုက်ကြောင်း အဆိုပါအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မာတင် အယ်လ် အိုဒေါနယ်က ပြောကြားခဲ့သည်။
ယခုလုပ်ဆောင်ချက်ကို NATO လေကြောင်းကွပ်ကဲမှုဌာန (Air Command) တပ်မှူး၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မာတင်ကဆိုသည်။
ဒေသတွင်း၌ အီရန်၏ ဆက်တိုက်တိုက်ခိုက်မှုများမှ ခြိမ်းခြောက်မှုများ လျော့ပါးမသွားမချင်း NATO ၏ အသင့်ပြင်ဆင်မှုကို အဆင့်မြှင့်တင်ထားသော အခြေအနေတွင် ဆက်လက်ထိန်းသိမ်းထားရန် Air Command တပ်မှူးက အကြံပြုထားသည်။
မဟာမိတ်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ်အတွင်း၌လည်း ယခုလုပ်ဆောင်ချက်အပေါ် အားလုံးက ထောက်ခံခဲ့ကြသည်။
လက်ရှိအခြေအနေကြောင့် ဒေသတွင်းသို့ ထပ်မံဖြည့်တင်းမည့် ဒုံးကျည်ကာကွယ်ရေးစနစ်များနှင့် ပတ်သက်၍ NATO ဘက်က ကနဦးတွင် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
စစ်ဆင်ရေးဆိုင်ရာ လုံခြုံရေးအကြောင်းပြချက်များကြောင့် အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း အိုဒေါနယ်က ပြောကြားသည်။
