လက်ရှိ ရှုပ်ထွေးပြင်းထန်သော အခြေအနေများအောက်တွင် စစ်သည်တော် အရည်အသွေး မြှင့်တင်ရန် အထူးအရေးကြီးကြောင်း ကိုးကန့်တပ် MNDAA တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တောင်းကျန်းချီက ပြောကြားလိုက်သည်။
MNDAA တပ်မဟာ (၃၁၁) လက်အောက်ခံ တပ်ရင်းတစ်ခု၏ ၂၀၂၆ ခုနှစ် စစ်သင်တန်းဖွင့်ပွဲကို မတ်လ၃ရက်တွင် ပြုလုပ်ခဲ့ရာ ဒုဗိုလ်မှူးကြီး တောင်းကျန်းချီက အဖွင့်အမှာစကားပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ကြောင်း MNDAA က ထုတ်ပြန်သည်။
“ခေါ်လျှင်လာ၊ လာလျှင်တိုက်၊ တိုက်လျှင်နိုင်” ဆိုသည့် စစ်ရေးအသင့်ပြင်ဆင်မှုကို အမြဲထိန်းသိမ်း ထားရန်၊ အရာရှိများက စံနမူနာပြ၍ တပ်ရင်းတစ်ရင်းလုံး စည်းလုံးစွာ တိုက်ပွဲဝင်နိုင်စွမ်းကို မြှင့်တင် ရန်နှင့် လေ့ကျင့်ရေးကွင်းကို စစ်မြေပြင်ကဲ့သို့ သဘောထားကာ တိုက်ပွဲဝင်မည့်အတိုင်း လေ့ကျင့်ရန် ၎င်းက ဆိုသည်။
“ ကျနော်တို့ ရှမ်းမြောက်မှာ အခြေအနေတွေက ရှုပ်ထွေးနေတာတော့ အမှန်ပဲ။အတူ အသက်ပေး တိုက်ခဲ့ကြတဲ့ TNLA နဲ့ MNDAA ညီနောင်ချင်းကြားတောင် ပြဿနာတွေ ဖြစ်တယ်။တခြားဒေသ တွင်း ရှမ်းလက်နက်ကိုင်တွေရဲ့ မူဝါဒပိုင်းဆိုင်ရာ မငြိမ်တာတွေရှိတယ်။ MNDAA နဲ့ စစ်တပ်ကြား အပြန်အလှန် မယုံကြည် မှုတွေ၊ မျက်လုံး ဒေါက်ထောက်ကြည့်နေတဲ့ တရုတ်ရဲ့ ဖိအားတွေပေါ့။ သေချာတာက တတိယအကျော့ ၁၀၂၇စစ်ဆင်ရေးဆိုတာ ဒီအချိန်မှာ အိပ်မက်တောင် မက်လို့ မရဘူး”ဟု ရှမ်းမြောက်ဒေသအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။
စစ်သင်တန်းဖွင့်ပွဲတွင် တပ်မဟာမှူး ဗိုလ်မှူးကြီး လုဇူမောက်က နိဂုံးချုပ် အမှာစကား ပြောကြား ရာ၌ လက်ရှိအခြေအနေသည် စိန်ခေါ်မှုများနှင့် စွန့်စားရမှုများ ရောယှက်နေပြီး စစ်ရေးလေ့ကျင့်မှုနှင့် စစ်ဆင်ရေး ပြင်ဆင်မှုတာဝန်များမှာ အလွန်ကြီးမားကြောင်း ယခုကဲ့သို့ ဗဟိုမှ အလှည့်ကျ သင်တန်း ပို့ချခြင်းသည် တပ်ဖွဲ့၏ မစ်ရှင်အမျိုးမျိုးကို ဆောင်ရွက်နိုင်စွမ်း ဘက်စုံပြုစုပျိုးထောင်ရန်နှင့် အရေး ပေါ်အခြေအနေများအတွက် ခိုင်မာသော အခြေခံအုတ်မြစ် ချမှတ်ပေးရန် ရည်ရွယ်သည့် မဟာဗျူ ဟာမြောက် လုပ်ဆောင်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ တပ်မဟာ ၃၁၁လက်အောက်ခံ တပ်ရင်းတစ်ခုသည် တပ်ဖွဲ့ဝင်များ၏ လက်တွေ့စစ်မြေပြင် စွမ်းဆောင်ရည်နှင့် စစ်သည်တော် အရည်အသွေးများကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်အတွက် အလှည့်ကျစစ်သင်တန်းများကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
