ရက် ၄၀ စာ စက်သုံးဆီရှိသည်ဆိုသော စစ်ကော်မရှင်စကား ပြည်သူတို့ အယုံအကြည်မရှိကြ

ဓာတ်ပုံ-ပေးပို့
ပုံစာ- မုဒုံမြို့ပေါ်တွင် မတ်၆ရက်က ဆီတန်းစီနေကြစဉ်

စက်သုံးဆီ ရက်၄၀စာ ရှိသည်ဆိုသော စစ်ကော်မရှင်၏ ပြောကြားချက်ကို ပြည်သူတို့က အယုံအ ကြည်မရှိကြကြောင်း သိရသည်။

မတ်လ၄ရက်တွင် စစ်ကော်မရှင် ပြောခွင့်ရ ဇော်မင်းထွန်းက စက်သုံးဆီ ရက်၄၀စာ ရှိကြောင်း ပြော ကြားခဲ့သည့်အပေါ် ရန်ကုန်၊မော်လမြိုင်နှင့် သထုံမြို့နယ်အတွင်းရှိ ပြည်သူ၁၄ဦးကို MPA ကမေးမြန်း ခဲ့ရာ ၎င်းတို့က အထက်ပါအတိုင်း တညီတညွတ်တည်း ပြောကြားကြသည်။

“ ဗြောင်ကြီး အာဏာသိမ်းခဲ့တာကိုတောင် အာဏာထိန်းပါတယ်လို့ ပေါ်တင်လိမ်ခဲ့တဲ့ကောင်တွေရဲ့ ပြောစကားကို စိတ်မနှံ့တဲ့သူတောင် မယုံဘူး။ ဇော်မဲလုံး ချေးငုံပြောလည်း မယုံဘူး”ဟု ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊၁၁ရပ်ကွက်နေ အသက်၅၀ ကျော်အရွယ်ရှိ အိမ်ရှင်မတစ်ဦးက MPAသို့ပြောသည်။

စစ်ကော်မရှင်၏ စကားကို ပြည်သူတို့က မယုံကြည်ကြသောကြောင့် ယခုစက်သုံးဆီပြဿနာ စတင် ဖြစ်ပွားစအချိန်မှာပင် စက်သုံးဆီဆိုင်များရှေ့၌ အချိန်ကြာမြင့်စွာ တန်းစီဝယ်နေကြကြောင်းနှင့် မကြာမီအချိန်အတွင်း ကုန်ဈေးနှုန်းတက်တော့မည်ဟုလည်း ၎င်းတို့အားလုံးက ယုံကြည်နေကြ ကြောင်း သိရသည်။

“အခု ကုန်ဈေးနှုန်းက ဒီနေ့(မတ်၆ရက်)ထိ မတက်သေးဘူး။ကုန်ကားတွေ အဝင်လည်း ရှိနေတုန်းပဲ။ ဒါပေမဲ့၊တစ်ပတ်မကြာဘူး။ကုန်ဈေးနှုန်းတွေ တက်တော့မှာ သေချာတယ်”ဟု သထုံမြို့၊မင်းလမ်းနေ အမျိုးသမီးတစ်ဦးက မတ်၆ရက်ညနေပိုင်းတွင် ပြောသည်။

ရန်ကုန်မြို့တွင်မူ ပြည်သူအများစုမှာ ကိုယ်ပိုင်ကားမရှိသောကြောင့် မြို့တွင်းခရီးသွားလာရေးအ တွက် သက်ရောက်မှုမကြီးနိုင်သော်လည်း ကုန်ဈေးနှုန်းတက်မည့်ဒဏ်ကိုမူ အားလုံး ခံရမည်ဖြစ် ကြောင်း တောင်ဥက္ကလာပမြို့နယ်၊၇ဆူဘုရားအနီးနေ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။

“ကျနော်တို့ မော်လမြိုင်မှာတော့ မတ်လ၄ရက်ကတည်းက အကန့်အသတ်နဲ့ရောင်းတယ်။ပြင်ပ ပေါက်ဈေးက ဓာတ်ဆီတစ်လီတာ ၅၀၀၀ နဲ့ လိုသလောက်ဝယ်လို့ရသေးတယ်။ဒီမှာလည်း လော် ဘီတွေက ၂လစာ ဆီရှိတယ်လို့ ပြောနေပေမဲ့ ဘယ်သူမှ မယုံဘူး”ဟု မော်လမြိုင်မြို့၊မုပွန်ရပ်နေ အမျိုးသားတစ်ဦးက ပြောသည်။

မော်လမြိုင်မြို့နေ Myint Soe အကောင့်ပိုင်ရှင်က မွန်ပြည်နယ်အတွင်း စက်သုံးဆီ ၂လစာ ရှိ ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ရေးသားထားသည်။

စက်သုံးဆီပြဿနာကြောင့် ကုန်ဈေးနှုန်းတက်မှာ သေချာနေပြီး ကုန်ဈေးနှုန်းတို့သည် တက်ပြီးလျှင် ပြန်ကျလေ့မရှိသောကြောင့် ကြောက်မိကြောင်း ဒဂုံမြောက်၊မဝတလမ်းဆုံအနီးနေ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။