အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆိုင်ဘာ လိမ်လည်မှုနှင့် ငွေညှစ်မှုများအပါအဝင် ကျားဖြန့်ဂိုဏ်းများ၏ ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ရည်ရွယ်သည့် အမိန့်ဒီကရီတစ်ခုကို ဒေသစံတော်ချိန် မတ်လ၆ ရက်နေ့က လက်မှတ်ရေးထိုးလိုက်သည်။
ယင်းအမိန့်တွင် အမေရိကန်မိသားစုများ၊ စီးပွားရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားနေသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို တိုက်ဖျက်ရန် ခိုင်မာသော နည်းလမ်းများကို ရှာဖွေဖော်ထုတ်ရန် တာဝန်ရှိသူများကို ညွှန်ကြားထားသည်။
အဆိုပါ ညွှန်ကြားချက်သည် ဆိုင်ဘာရာဇဝတ်မှုများနှင့် “ခေါင်းပုံဖြတ်သည့် အစီအစဉ်များ” ကို လုပ်ဆောင်နေသော “နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို တိုက်ဖျက်ရန်အတွက် လုပ်ငန်းဆောင်ရွက်မှု၊ နည်းပညာ၊ သံတမန်ရေးနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကိရိယာများကို မြှင့်တင်နိုင်မည့် နည်းလမ်းများကို သိရှိနိုင်ရန် ဘက်စုံသုံးသပ်ချက်တစ်ရပ် ပြုလုပ်ရန် တောင်းဆိုထားကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် အွန်လိုင်းပြစ်မှုများ၏ နောက်ကွယ်ရှိ ရာဇဝတ်ဂိုဏ်းများကို ဖော်ထုတ်ရန်နှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို တားဆီးရန်နှင့် ရပ်တန့်ရန် အဖြေရှာမည့် လုပ်ငန်းစီမံချက်တစ်ခု တင်ပြရန်လည်း အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများကို ညွှန်ကြားထားသည်။
သမ္မတထရန့်က အမေရိကန်၏ ကာကွယ်ရေးကို အားကောင်းစေရန်အတွက် စည်းမျဉ်းများကို လျှော့ချပြီး ဉာဏ်ရည်တု (AI) အသုံးပြုမှုကို တိုးမြှင့်မည်ဟု ဖော်ပြထားသည့် အမျိုးသား ဆိုင်ဘာမဟာဗျူဟာကိုလည်း တစ်နေ့တည်း ထုတ်ပြန်လိုက်သည်။
သို့သော် အဆိုပါစာတမ်းတွင် မကြာသေးမီနှစ်များအတွင်း အမေရိကန်ကို ပစ်မှတ်ထားခဲ့သည့် မြောက်ကိုရီးယား၊ တရုတ် သို့မဟုတ် ရုရှားကဲ့သို့သော ပြိုင်ဘက်နိုင်ငံများကို သီးခြားဖော်ပြထားခြင်း မရှိသလို၊ သီးခြားအသုံးစရိတ် သို့မဟုတ် ဝန်ထမ်းခန့်အပ်မှု ပစ်မှတ်များကိုလည်း အကြံပြုထားခြင်း မရှိပေ။
“အမေရိကန်ပြည်ထောင်စုမှာ ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေ စိတ်ကူးတောင် မယဉ်နိုင်သေးတဲ့ စွမ်းဆောင်ရည်တွေ ရှိပါတယ်” ဟု ထရန့်က အဆိုပါစာတမ်းတွင် ပြောကြားထားသည်။ “ကျွန်ုပ်တို့ရဲ့ ဆိုင်ဘာနယ်ပယ်က စစ်သည်တော်တွေဟာ အမေရိကန်ကို အန္တရာယ်ပြုဖို့ ကြိုးစားသူမှန်သမျှ အကြီးမားဆုံးနဲ့ အဆိုးရွားဆုံးသော ပေးဆပ်မှုကို ခံရစေဖို့ နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေကြပါတယ်။”
ဟက်ကာများသည် အာဏာပိုင်များထက် တစ်လှမ်းသာနေစေရန် နည်းဗျူဟာများကို ပြောင်းလဲပြီး နည်းပညာသစ်များကို အလွယ်တကူ အသုံးချလာကြသဖြင့် ဆိုင်ဘာရာဇဝတ်မှုများသည် မြင့်တက်လာလျက်ရှိသည်။ Ransomware (ဒေတာများကို ပိတ်ဆို့ပြီး ငွေတောင်းခံသည့်ဆော့ဖ်ဝဲ) နှင့် ခရစ်ပတိုငွေကြေး (Cryptocurrencies) များသည် ရာဇဝတ်ကောင်များအား ကွန်ရက်များကို တိုက်ခိုက်ရန်နှင့် ခြေရာမခံနိုင်ဘဲ ငွေကြေးအကျိုးအမြတ်များ ရယူရန် ကူညီပေးလျက်ရှိရာ၊ ယင်းက အမေရိကန် တရားဥပဒေစိုးမိုးရေး လက်လှမ်းမမီသော ပြည်ပတွင် ဟက်ကာအဖွဲ့များ ပေါ်ပေါက်လာစေရန် တွန်းအားဖြစ်စေခဲ့သည်။
ယခု အမိန့်အရ ထရန့်သည် အမေရိကန် ရှေ့နေချုပ်အား ဆိုင်ဘာလိမ်လည်မှုနှင့် လှည့်ဖျားမှုများကို ဦးစားပေးတရားစွဲဆိုရန်နှင့် သိမ်းဆည်းထားသော သို့မဟုတ် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူထားသော ရန်ပုံငွေများကို ပြန်လည်ပေးအပ်နိုင်မည့် အစီအစဉ်တစ်ရပ် မည်သို့ထူထောင်ရမည်ကို အကြံပြုချက်များ တင်ပြရန်လည်း ညွှန်ကြားခဲ့သည်။
ထို့ပြင် အဆိုပါအမိန့်သည် ပြည်တွင်းလုံခြုံရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ကိုလည်း ဆိုင်ဘာခြိမ်းခြောက်မှုများ လျှော့ချရေး ကြိုးပမ်းမှုများတွင် ပါဝင်ဆောင်ရွက်ရန် ညွှန်ကြားထားသည်။
အိမ်ဖြူတော်သည် Phishing (ကိုယ်ရေးအချက်အလက် ခိုးယူမှု) ကမ်ပိန်းများ၊ Sextortion (လိင်ပိုင်းဆိုင်ရာဖြင့် ခြိမ်းခြောက်ငွေညှစ်မှု) နှင့် ငွေကြေးလိမ်လည်မှုများ အပါအဝင် ဆိုင်ဘာနည်းပညာသုံး တရားမဝင် လှုပ်ရှားမှုများစွာနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
ထရန့်အစိုးရ တာဝန်ရှိသူများက ရာဇဝတ်ကောင်များနှင့် နိုင်ငံတော်မှ ကျောထောက်နောက်ခံပြုထားသည့် ဟက်ကာများကို ပိုမိုပြင်းထန်စွာ အရေးယူရန် ရည်ရွယ်ထားကြောင်း လပေါင်းများစွာကတည်းကပင်ပြောကြားထားပြီးဖြစ်သည်။
ထရန့်သည် ဆိုင်ဘာလုံခြုံရေး အားကောင်းစေရန်အတွက် ဇွန်လအတွင်းကလည်း အမိန့်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။
