မင်းအောင်လှိုင်၏ တသွေးတသံတမိန့်ဖြင့်သာ မွန်ပြည်နယ်အစိုးရ ဖွဲ့စည်းရမည်ဟုဆို

ဓာတ်ပုံ-စစ်ကော်မရှင်မီဒီယာ
ပုံစာ- ၂၀၂၅ ခုနှစ်အတွင်း ရုရှားရောက် မင်းအောင်လှိုင်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တသွေးတသံတမိန့်ဖြင့်သာ မွန်ပြည်နယ်အစိုးရ ဖွဲ့စည်းရမည်ဖြစ်ကြောင်း သိရသည်။

မတ်လ၂၀ရက်တွင် တိုင်းနှင့်ပြည်နယ် တရားမဝင်လွှတ်တော် အစည်းအဝေးများကို စတင်ခေါ်ယူ ကာ တရားမဝင်အစိုးရဖွဲ့စည်းရေးကိစ္စရပ်များကို ဆောင်ရွက်ကြတော့မည်ဖြစ်သော်လည်း မွန်ပြည် နယ်ကြံ့ဖွံ့ခေါင်းဆောင်များအဆင့်ပင်လျှင် အစိုးရသစ်လူစာရင်းကို မသိရသေးကြောင်း ဒေသတွင်း ပါတီများနှင့် နီးစပ်သည် မော်လမြိုင်မြို့ခံတစ်ဦးထံက သိရသည်။

“ပုံမှန်အရဆို အခုလောက်ဆို ဘယ်သူက ဝန်ကြီးချုပ်၊ဘယ်သူတွေကတော့ ဝန်ကြီး၊ တခြားအနိုင်ရ ပါတီတွေကိုတော့ ဝန်ကြီး ဘယ်နှစ်နေရာပေးမယ်၊စသဖြင့်ပေါ့။ကြံ့ဖွံ့ပါတီထဲရော တခြားပါတီတွေ နဲ့ရော ဆွေးနွေးပြီးပြီ။အခုကတော့ ပြည်နယ်အဆင့် ကြံ့ဖွံ့လူကြီးတွေတောင် ဘာမှမသိရသေးလို့ ကြောင်ပျောက်နေတယ်”ဟု ၎င်းက MPAသို့ပြောသည်။

တရားမဝင်အစိုးရသစ်နှင့် မွန်ပြည်နယ်လွှတ်တော်အကြီးအကဲများစာရင်းကို မင်းအောင်လှိုင်က စာ အိတ်ပေးပို့မှသာ သိရမည်ဟု ၎င်းကဆိုသည်။

“ပြည်နယ်အဆင့် ကြံ့ဖွံ့လူကြီးတွေကိုယ်တိုင်က ဘာမှမသိရဘူး။မင်းအောင်လှိုင်ပို့မယ့်စာအိတ်ကို မျှော်နေကြတယ်။ခင်ရီ(ကြံ့ဖွံ့ဥက္ကဌ)ဆိုတာ အရုပ်ပဲလို့ ပြည်နယ်လူကြီးတွေ ကိုယ်တိုင်ပြောတာ။ သေချာတာတစ်ခုကတော့ အခုဝန်ကြီးချုပ် အောင်ကြည်သိန်းကတော့ ဝန်ကြီးချုပ်ပြန်မဖြစ်ဘူးဆို တာပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

မတ်လ၄ရက်က မော်လမြိုင်မြို့တွင် မွန်ပြည်နယ်လွှတ်တော်မိတ်ဆက်ပွဲကို လက်ရှိ တရားမဝင်မွန် ဝန်ကြီးချုပ် အောင်ကြည်သိန်းက ဦးဆောင်ပြုလုပ်ခဲ့သော်လည်း ယင်းမိတ်ဆက်ပွဲတွင်ရော မိတ် ဆက်ပွဲအပြီး၌ပါ တရားမဝင်အစိုးရသစ်ဖွဲ့စည်းရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခြင်းမရှိကြောင်း သိရသည်။

“မွန်ပါတီကို ကြံ့ဖွံ့က ခေါ်ဆွေးနွေးတာမျိုး မရှိသေးဘူး။နိုင်လယိတမ ကတော့ သူ့ကို မင်းအောင် လှိုင်က ဝဏ္ဏကျော်ထင်ဘွဲ့ ပေးထားတာဆိုတော့ သူက ဝန်ကြီးဆက်ဖြစ်မယ်ပဲ ပြောနေတယ်။ ဝန် ကြီးထပ်မဖြစ်ရင်လည်း သံလွင်တံတားပေါ်ကနေ ခုန်ချသွားနိုင်တယ်”ဟု ၎င်းက ပြောသည်။

မွန်ညီညွတ်ရေးပါတီသည် စစ်အာဏာသိမ်းမှုကို မြန်မြန်ဆန်ဆန် ထောက်ခံခဲ့သောကြောင့် ယင်းပါ တီတွဲဖက်အတွင်းရေးမှူး(၁)နိုင်လယိတမသည် မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီးအဖြစ် မြှောက်စား ခံခဲ့ရသည်။

နိုင်လယိတမသည် ၂၀၂၅-၂၀၂၆တရားမဝင်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်အချိုးကျကိုယ် စားပြုနေရာမှ အနိုင်ရရှိထားသည်။

မွန်ပြည်နယ်လွှတ်တော်တွင် ကြံ့ဖွံ့ ၁၁နေရာ၊ မွန်ညီညွတ်ရေးပါတီ ၇နေရာ နှင့် တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေဆောင် ပါတီနှင့် အမျိုးသားအကျိုး စီးပွားတိုးတက်ရေး ပါတီတို့က တစ်နေရာစီ အနိုင်ရထားသည်။