အမေရိကန်မြေပေါ်တွင် အီရန်နောက်ခံပြု လုပ်ကြံသတ်ဖြတ်မှုများ ရှိနေသည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်နေစဉ်အတွင်း၊ အမေရိကန်နိုင်ငံရေးသမားတစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန် လူသတ်သမားများ ငှားရမ်းရန် ကြိုးပမ်းခဲ့သည့် ပါကစ္စတန်စီးပွားရေးသမားတစ်ဦးအား သောကြာနေ့တွင် ရုံးတော်က အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် အီရန်စစ်ပွဲရိပ်များ သန်းနေချိန်အတွင်း အာဆစ်ဖ် မာချန့် (Asif Merchant) က ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ ကာလအတွင်း လုပ်ကြံသတ်ဖြတ်မှုတစ်ခု ပြုလုပ်ရန် ကြိုးပမ်းခဲ့ကြောင်း အမေရိကန်တရားရုံးတွင် ဝန်ခံခဲ့သည်။ သို့သော် အဆိုပါကြံစည်မှုမှာ မအောင်မြင်မီ အမေရိကန်စုံစမ်းစစ်ဆေးရေးမှူးများက ကြိုတင်ဟန့်တားနိုင်ခဲ့ခြင်း ဖြစ်သည်။
ဘရွတ်ကလင်းရှိ ဂျူရီလူကြီးများအဖွဲ့သည် မာချန့်ကို အကြမ်းဖက်မှုနှင့် လူသတ်ရန် ငှားရမ်းမှုစွဲချက်များဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ကြပြီး ၎င်းသည် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။
မာချန့်၏ ထွက်ဆိုချက်အရ သူ၏ကိုင်တွယ်သူ(Handler) က တိကျသော ပစ်မှတ်ကို အမည်တပ်မပြောသော်လည်း ဒေါ်နယ်ထရန့်၊ ဂျိုးဘိုင်ဒင်နှင့် နစ်ကီဟေလီ တို့၏ အမည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
၎င်းသည် အီရန်တော်လှန်ရေးအစောင့်တပ် (Revolutionary Guard) မှ ထောက်လှမ်းရေးအရာရှိတစ်ဦး၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သော်လည်း အီရန်အစိုးရက အမေရိကန်အရာရှိများကို သတ်ဖြတ်ရန် ကြိုးပမ်းသည်ဆိုသည့် စွပ်စွဲချက်ကို ငြင်းဆိုထားသည်။
မာချန့်သည် လူသတ်သမားဟု ထင်မှတ်ကာ FBI အေးဂျင့်များကို ဒေါ်လာ ၅,၀၀၀ စရန်ငွေပေးချေခဲ့ပြီး၊ လူစုလူဝေးပွဲတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်မည့်ပုံစံကို လက်သုတ်ပဝါပေါ်တွင် ပုံဆွဲပြသခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
တရားခံ မာချန့်က အီရန်တွင်ရှိသော ၎င်း၏မိသားစုဝင်များကို အကာအကွယ်ပေးရန်အတွက်သာ ယခုကဲ့သို့ စေခိုင်းသမျှကို မတတ်သာဘဲ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ တစ်စုံတစ်ယောက် အမှန်တကယ် အသတ်မခံရမီ အာဏာပိုင်များထံ ရှင်းပြရန် စိတ်ကူးထားကြောင်း ထွက်ဆိုခဲ့သည်။
သို့သော် အစိုးရရှေ့နေများကမူ ၎င်းသည် အာဏာပိုင်များထံ ကိုယ်တိုင်လာရောက် အကြောင်းကြားခြင်းမရှိဘဲ နိုင်ငံပြင်ပသို့ ထွက်ခွာရန် ပြင်ဆင်နေစဉ်မှ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။
အမေရိကန် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) က “ဒီလူဟာ သမ္မတ ထရန့်ကို သတ်ဖို့ မျှော်လင့်ချက်နဲ့ အမေရိကန်မြေပေါ်ကို ခြေချခဲ့တာပါ။ ဒါပေမဲ့ သူဟာ အမေရိကန် ဥပဒေစိုးမိုးရေးရဲ့ အင်အားနဲ့ပဲ ရင်ဆိုင်လိုက်ရပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
