By Nway / MPA
စစ်ရေးတင်းမာနေသော မန္တလေးတိုင်း၊ တောင်သာမြို့နယ် အရှေ့တောင်ခြမ်းကို စစ်တပ်က ဗုံး ၁၄လုံးကြဲချခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၃ရက်၊ နံနက် ၆နာရီခွဲခန့်တွင် တောင်သာမြို့နယ် အရှေ့တောင်ခြမ်းရှိ သံဘိုရွာသစ် ကျေးရွာကို စစ်ကော်မရှင်တပ်က ပါရာမော်တာ ၄စင်းဖြင့် ဗုံး ၁၄လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ်ရှိ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
” ရွာထဲက လူနေအိမ်တွေကို ချတာပါ။ ပြည်သူထိခိုက်မှုမရှိပါဘူး။ စစ်ရေးတင်းမာနေတဲ့ဒေသ ဆိုတော့ ရှောင်နေကြတာပါ။ အဲ့ဒါကြောင့်လွတ်တာပါ” ဟု၎င်းက MPA ကို ပြောသည်။
စက်တင်ဘာ ၉ရက်မှစ၍ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာကို အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းက ဝင်ရောက်အထိုင်ချခဲ့ပြီးနောက် ယင်းရွာအနီးဝန်းကျင်၌ စစ်ရေးတင်းမာနေကြောင်း သိရသည်။
” နှစ်ဖက်တပ်တွေ ဆိုင်ထားတာပါ။ ရုံးစည်ကြီးကနေ ( စစ်ကြောင်း ) ထွက်လာရင် ပစ်မှာ ” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကြောင်းအထိုင်ချသွားသည့် ရုံးစည်ကြီးရွာနှင့် သံဘိုရွာသစ်တို့သည် ၄မိုင်ခန့်ကွာဝေးပြီး ယင်းစစ် ကြောင်းကြောင့် ရုံးစည်ကြီးရွာနှင့် သံဘိုရွာသစ်ရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူ တစ်သောင်းကျော်တို့ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။
စက်တင်ဘာ ၁၁ရက်ကလည်း ရုံးစည်ကြီးရွာ မြောက်ချိုင်းရပ်နှင့် သန်းတန်းရွာကို စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သေးသည်။
စာတည်း-ML
