ရန်ကုန်မြို့ လမ်းမများပေါ် မောင်းနှင်နေသော စုံနံပါတ်ကားများကို လက်ရဲဇက်ရဲ ရှိသည့် ယာဉ်ထိန်းရဲတို့ဦးဆောင်ကာ ငွေညှစ်နေကြောင်း သိရသည်။
စက်သုံးဆီချွေတာရေးစီမံချက်ဟုဆိုကာ ယနေ့(မတ်၇ရက်)တွင် ‘မ’နံပါတ်ကားများကိုသာ မောင်းနှင် ခွင့်ပြုထားရာ အဖွဲ့စုံဖြင့် လိုက်လံစစ်ဆေးကာ ငွေညှစ်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံအချို့ထံက သိရသည်။
“မနက် အစောပိုင်းထဲက ကားတွေ တားစစ်နေတာပါ။ ဟိုတစ်စု ဒီတစ်စုနဲ့ အုပ်စုတွေ ခွဲပြီး စစ်နေကြ ပါတယ်ဗျ။ အုပ်စုတစ်စုမှာ အနည်းဆုံး ၅ ယောက်လောက်စီ တွေ့ရပါတယ်။ အလှည့်ကျ ထင်ပါ တယ်။ နေ့လယ်လောက်ကျ နေရာပြောင်းသွားတာတွေ၊ အုပ်စုပြောင်းသွားတာတွေ တွေ့ရပါတယ် ဗျ” ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ Rangoon Scout Network -RSN မှတာဝန်ရှိသူတစ်ဦး က MPAသို့ပြောသည်။
လမ်းမပေါ်မောင်းနှင်နေသော စုံနံပါတ်ကားများကို လက်ဖက်ရည်ဖိုးဟုဆိုကာ ကျပ်၂သောင်းအထိ တောင်းရမ်းကြောင်း RSN က ထုတ်ပြန်ထားသည်။
“ယာဉ်ထိန်ရဲတွေပဲ အဓိကစစ်ပြီး သူတို့ပဲ တောင်းကြတာ များပါတယ်ဗျ။ လိုင်စင်တွေ သိမ်းပြီး လက် ဖက်ရည်ဖိုးဆိုပြီး တောင်းတာပါ။ ပြီးမှ သူတို့ဝေစုခွဲကြမယ် ထင်တယ်”ဟု ၎င်းက ဆက်လက်ပြော သည်။
ယနေ့မွန်းလွဲ ၂နာရီကျော်တွင် ကိုယ်ပိုင်ကားဖြင့် လမ်းမပေါ်တက်လာသော လှိုင်မြို့နယ်၊ဘူတာရုံ လမ်းနေ အမျိုးသားတစ်ဦးက လမ်းမပေါ် ကားအသွားအလာနည်းသွားကြောင်း ဆိုသည်။
“လမ်းပေါ်မှာ ကားတွေ နည်းနေတာ တွေ့ရတယ်။စစ်တဲ့အဖွဲ့တွေကိုတော့ မတွေ့သေးဘူး။မနက်၁၀ နာရီလောက်ကတော့ သူငယ်ချင်းတစ်ယောက် လုပ်ငန်းသုံးကားနဲ့ ထွက်လာတာ အစစ်ခံရတယ်။ လုပ်ငန်းသုံးတွေ မောင်းခွင့်ရှိပေမဲ့ တောင်ရစ်မြောက်ရစ်နဲ့ လက်ဖက်ရည်ဖိုးဆိုပြီး မပေးမချင်း တောင်းနေလို့ ၅၀၀၀ပေးခဲ့ရတယ်။အဲဒါ ဘာပြစ်ချက်မှမရှိတဲ့ကား”ဟု၎င်းက ပြောသည်။
စက်သုံးဆီဆိုင်များရှေ့တွင်လည်း တန်းစီနေသောကားတန်းရှည်ကို မတွေ့ရကြောင်း ၎င်းက ဆိုသည်။
“စက်သုံးဆီဆိုင်တွေမှာ ကားတန်းစီတာတွေ ရှိပေမဲ့ ဟိုးအရင် ဆီပြတ်တုန်းကလောက်တော့ ကားတန် မရှည်သေးပါဘူးဗျ။ ဆီဆိုင်တွေ ညဘက်စောပိတ်သွားတာတော့ ရှိပါတယ်။ နောက်ပိုင်း ကားနံပါတ် စုံ၊ မ အလိုက်ပဲ ဆီရောင်းတော့မယ်လို့လည်း ပြောပါတယ်”ဟု RSNတာဝန်ရှိသူက ပြော သည်။
မော်တော်ယာဉ်များ စုံ/မ ခွဲ၍ မောင်းနှင်သည့်စနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် One Stop Service စနစ်ဖြင့် စစ်ဆေးအရေးယူသွားမည်ဖြစ်ပြီး One Stop Service အဖွဲ့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ နယ်မြေခံရဲ၊ ယာဉ်ထိန်းရဲ၊ တရားရေး၊ ဥပဒေ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စည်ပင်နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသွားမည်ဟု စစ်ကော်မရှင်လော်ဘီ ပေါ်ပြူလာ နယူးစ်သတင်းဌာနက ဖော်ပြသည်။
စုံ/မ စနစ် ပညာပေးကာလအဖြစ် မတ်လ၇ရက်မှ ၁၃ရက်အထိ သတ်မှတ်ထားပြီး မတ်၁၄ရက်မှ စတင်ကာ အမိန့် ဖောက်ဖျက်သူများအား ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်၂သောင်း သို့မဟုတ် ဒဏ် ၂ရပ်စလုံး ကျခံရမည်ဟု သတင်းထွက်ပေါ်နေသည်။
