ဘူးသီးတောင်တွင် မတူကွဲပြားလူမျိုးများ သဟဇာတဖြစ်ရေး နှီးနှောဖလှယ်ပွဲကျင်းပ

ဓာတ်ပုံ-ပေးပို့
ပုံစာ- နှီးနှော ဖလယ်ပွဲပြုလုပ်ခဲ့မှုအား တွေ့ရစဉ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် မတူကွဲပြားလူမျိုးများ သဟဇာတဖြစ်ရေး နှီးနှောဖလှယ်ပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါပွဲကို ယမန်နေ့(မတ် ၆ရက်)၊ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းပွဲတွင် အဓိကအားဖြင့် လူမျိုးအလိုက် မတူကွဲပြားသည့် ရိုးရာယဉ်ကျေးမှုဓလေ့ နှင့် အစားအစာများကို ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ယင်းပွဲကို ဘူးသီးတောင်မြို့နယ်အခြေစိုက် CSO အဖွဲ့အစည်းဖြစ်သည့် ကံ့ကော်လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

ပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်အတွင်း အတူယှဉ်တွဲနေထိုင်ကြသည့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ မတူကွဲပြားမှုကို လက်ခံပြီး ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်မြဲစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ပွဲကျင်းပရေးကော်မတီဝင်တစ်ဦးက MPA သို့ ပြောသည်။

“လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဆက်အစပ်တွေ မမိကြတော့ ဓလေ့စရိုက်တွေကိုလည်း မသိကြဘူးဆိုတော့ အဲဒီလိုအချိန်မှာ ဒီလိုပွဲကို လုပ်လိုက်တော့ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက် မိလာကြတယ်။ တစ်ခုခုလုပ်မယ်ဆိုရင်လည်း အကုန်လုံး ပူးပေါင်းပြီး ဘယ်လိုနေရာ၊ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာတယ်။ နောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေလည်း တိုးလာတာပေါ့” ဟု ၎င်းကဆိုသည်။

အဆိုပါပွဲတွင် ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင်များဖြစ်ကြသည့် မြို၊ ခမီ၊ သက်၊ သက္ကမ လူမျိုးများအပါအဝင် ရိုဟင်ဂျာလူမျိုးများလည်း ပါဝင်ခဲ့ကြသည်ဟု ဆိုသည်။

မတူကွဲပြားသည့် ယဉ်ကျေးမှုဓလေ့ အစားအစာများနှင့် နှီးနှောပါဝင်ခွင့်ရသည့်အတွက် ဝမ်းသာအားရ ဂုဏ်ယူမိကြောင်း ယင်းပွဲသို့ တက်ရောက်အားပေးခဲ့သည့် ရိုဟင်ဂျာလူငယ်တစ်ဦးက အခုလိုပြောသည်။

“လူမျိုးဘာသာမခွဲခြားဘဲ အခုလို ပါဝင်ခွင့်ရလို့ ဝမ်းသာပါတယ်။ နောင်ကိုလည်း အခုလို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ပိုရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု အဆိုပါ ရိုဟင်ဂျာလူငယ်က ဆိုသည်။

ယင်းနှီးနှောဖလှယ်ပွဲတွင် လူမျိုးအလိုက် ရိုးရာဓလေ့ အကအလှများဖြင့် အလှည့်ကျ ကပြဖျော်ဖြေခဲ့ကြပြီး ဒေသခံများနှင့် မြို့နယ်တာဝန်ရှိသူများလည်း တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပျော်ပျော်ရွှင်ရွှင်နှင့် အတူအစားအသောက်များ ဖလှယ်စားသောက်ခွင့်ရသည့်အတွက် ထူးခြားသော ခံစားချက်များ ခံစားခဲ့ရသည်ဟု မောင်တောမြို့နယ်မှ လာရောက်အားပေးခဲ့သည့် သက် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

၎င်းက “အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ပျော်လည်း ပျော်ရပါတယ်။ မတူကွဲပြားမှုကို လက်ခံပြီး အစားအသောက်တွေ ဖလှယ်စားသောက်ခွင့်ရတယ်။ ပြီးတော့ မတူတဲ့ ဓလေ့စရိုက်တွေကို မြင်တွေ့ခွင့်ရတော့ ဝမ်းသာမိပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နှင့် မောင်တောဒေသသည် ရခိုင်၊ မွတ်ဆလင် (ရိုဟင်ဂျာ)၊ ဒိုင်းနက် (သက္ကမ)၊ ခမီ၊ မရမာ၊ ချင်း စသည့် လူမျိုးစုများနှင့် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာဝင်များ ယှဉ်တွဲနေထိုင်သည့် ဒေသဖြစ်သည်။