အီရန်နိုင်ငံအတွင်းရှိ သန့်စင်ပြီး ယူရေနီယံများ ရယူရန် မြေပြင်စစ်ဆင်ရေးဆင်နွှဲရေး အစ္စရေးနှင့် အမေရိကန်တို့ ညှိနှိုင်းနေ

အီရန်နိုင်ငံအတွင်းရှိ နျူကလီးယားအဆောက်အအုံဟောင်းများ၏ အပျက်အစီးများအောက်တွင် မြှုပ်နှံထားသည့် သန့်စင်ပြီး ယူရေနီယံ ကီလိုဂရမ် ၄၅၀ အား သိမ်းပိုက်ရယူရန်အတွက် အစ္စရေးနှင့် အမေရိကန် အဆင့်မြင့်တာဝန်ရှိသူများက ပူးပေါင်းကွန်မန်ဒိုစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲရန် ဆွေးနွေးလျက်ရှိကြောင်း သိသည်။

အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ အက်ဆီယို့စ် (Axios) သတင်းဌာနက တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဖော်ပြခဲ့ရာ၌ အီရန်မြေပေါ်တွင် အထူးတပ်ဖွဲ့များ စေလွှတ်၍ အီရန်တို့ စုဆောင်းထားသည့် ယူရေနီယံများကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်သိမ်းယူမည့် မကြုံစဖူး စစ်ဆင်ရေးအခြေအနေတစ်ရပ်ကို နှစ်နိုင်ငံတာဝန်ရှိသူများ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေး၏ အဓိကရည်မှန်းချက်မှာ ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသည့် ယူရေနီယံ ၄၅၀ ကီလိုဂရမ်ခန့်ကို သိမ်းယူရန် ဖြစ်ကြောင်း၊ ထောက်လှမ်းရေးအဖွဲ့များ၏ ခန့်မှန်းချက်အရ ယင်းပမာဏမှာ နျူကလီးယားဗုံး ၁၁ လုံးထက်မနည်း ထုတ်လုပ်နိုင်သည့် ၉၀ ရာခိုင်နှုန်း သန့်စင်မှုအဆင့် (စစ်ဘက်သုံးအဆင့်) သို့ အလျင်အမြန် ပြောင်းလဲနိုင်သော အလွန်အရေးကြီးသည့် ပမာဏဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက အစ္စရေးနှင့် အမေရိကန်တို့၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် အီရန်၏ နျူကလီးယားစက်ရုံများရှိ ဗဟိုခွာစက် (Centrifuges) အများအပြား ပျက်စီးခဲ့ရပြီး မြေအောက်လှိုဏ်ဂူများသို့ ဝင်ပေါက်များလည်း ပိတ်ဆို့သွားခဲ့သဖြင့် အဆိုပါ ယူရေနီယံသိုလှောင်မှုများသည် ဖော်ဒိုး (Fordow)၊ နာတန့်ဇ် (Natanz) နှင့် အစ်စ်ဖဟန် (Isfahan) ရှိ စက်ရုံပျက်များ၏ အပျက်အစီးများအောက်တွင် ပိတ်မိနေခြင်း ဖြစ်သည်။

အဆိုပါ အန္တရာယ်ရှိသော ပစ္စည်းများကို အီရန်တို့ ပြန်လည်ထုတ်ယူ၍ မှောင်ခိုကူးခြင်း သို့မဟုတ် နျူကလီးယားအစီအစဉ် ပြန်လည်တည်ဆောက်ခြင်းတို့ မပြုလုပ်နိုင်ရန်အတွက် ယခုကဲ့သို့ မြေပြင်အထူးတပ်ဖွဲ့များ စေလွှတ်သိမ်းယူမည့် အစီအစဉ်ကို စဉ်းစားလာခြင်း ဖြစ်သည်။

သို့သော် အဆိုပါစစ်ဆင်ရေးသည် အီရန်နိုင်ငံအတွင်းပိုင်းထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရမည်ဖြစ်သဖြင့် အလွန်အန္တရာယ်များပြီး ရှုပ်ထွေးသော စစ်ဆင်ရေးဖြစ်လာမည်ဟု တာဝန်ရှိသူများက သုံးသပ်ထားကြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ အီရန်၏ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို တားဆီးရန်မှာ ယခုစစ်ပွဲ၏ အဓိကရည်မှန်းချက်ဖြစ်ကြောင်း ကြေညာထားပြီးဖြစ်ရာ နျူကလီးယားကုန်ကြမ်းများကို ကိုယ်တိုင်ကိုယ်ကျ သိမ်းပိုက်ရယူခြင်းမှာ အဆိုပါရည်မှန်းချက် အောင်မြင်ရန်အတွက် နောက်ဆုံးနှင့် အဆုံးအဖြတ်ပေးမည့် ခြေလှမ်းတစ်ရပ် ဖြစ်လာဖွယ်ရှိနေသည်။