လွှတ်တော် အတည်ပြုချက် မရယူဘဲ အစ္စရေးထံ ဗုံးအလုံးရေ ၂၀,၀၀၀ ကျော် ရောင်းချရန် ထရမ့် အတည်ပြု

အမေရိကန်သမ္မတ ထရမ့်သည် လွှတ်တော်၏ ပြန်လည်သုံးသပ်ချက်နှင့် အတည်ပြုချက်ကို ရယူခြင်းမရှိဘဲ အစ္စရေးနိုင်ငံထံ ဒေါ်လာ ၆၅၀ သန်းခန့် တန်ဖိုးရှိ ဗုံးအလုံးရေ ၂၀,၀၀၀ ကျော် ရောင်းချပေးရန် အတည်ပြုလိုက်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုကဲ့သို့ လွှတ်တော်ကို ကျော်လွန်၍ လက်နက်ရောင်းချမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း အမေရိကန်အစိုးရကမူ အစ္စရေး၏ လုံခြုံရေးအတွက် လိုအပ်ချက်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုသည်။

တစ်ဖက်တွင်လည်း အီရန်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် အလီလာရီဂျာနီက အမေရိကန်သည် အီရန်နိုင်ငံအပေါ် ထားရှိသည့် စစ်ရေးနှင့် နိုင်ငံရေး ရည်မှန်းချက်များတွင် ကျရှုံးနေပြီဖြစ်ကြောင်း ပြောကြားထားသည်။

အမေရိကန်အနေဖြင့် အီရန်နိုင်ငံအတွင်း ကာလတိုစစ်ပွဲတစ်ခုကို လွယ်ကူစွာ ဆင်နွှဲနိုင်မည်ဟု မှားယွင်းစွာ ယူဆခဲ့ကြောင်းလည်း ၎င်းက ထောက်ပြဝေဖန်ခဲ့ပါသည်။

ထို့ပြင် အမေရိကန်သည် အီရန်၏ အဆင့်မြင့်ခေါင်းဆောင်ကြီး အလီခါမေနီနှင့် အခြားသော ခေါင်းဆောင်ပိုင်းများအား လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် အီရန်နိုင်ငံအတွင်း ပရမ်းပတာအခြေအနေများ ဖန်တီးနိုင်မည်ဟု တွက်ချက်ခဲ့သော်လည်း အဆိုပါ ယူဆချက်မှာလည်း မှားယွင်းကြောင်း သက်သေပြပြီးဖြစ်သည်ဟု လာရီဂျာနီက ဆိုသည်။

လက်ရှိတွင် အီရန်ခေါင်းဆောင်ပိုင်းမှာ ကျစ်လစ်ခိုင်မာစွာ ရှိနေဆဲဖြစ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။

အတွင်းရေးမှူးချုပ်က ဆက်လက်ပြောကြားရာတွင် အီရန်အစိုးရကို ဆန့်ကျင်ရန် ကြိုးပမ်းနေသည့် ခွဲထွက်ရေးအုပ်စုများကိုလည်း ပြင်းထန်စွာ သတိပေးထားပြီး ဖြစ်ကြောင်းနှင့် အီရန်ပြည်သူများသည် အမေရိကန်-အစ္စရေး စစ်ပွဲကို ရင်ဆိုင်ရာတွင် တစ်သားတည်း စည်းလုံးညီညွတ်လျက်ရှိကြောင်း၊ ပြည်တွင်းတည်ငြိမ်မှုကို ပျက်ပြားအောင် လုပ်ဆောင်မည့် မည်သည့် အဖျက်လုပ်ရပ်ကိုမဆို လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း ဆိုသည်။

အနာဂတ်အီရန်နိုင်ငံ၏ ခေါင်းဆောင်ပိုင်းကို ရွေးချယ်လိုသည့် သမ္မတထရမ့်၏ ဆန္ဒမှာလည်း မိုက်မဲသော လုပ်ရပ်ဖြစ်ကြောင်း လာရီဂျာနီက ပယ်ချခဲ့သည်။

အီရန်နိုင်ငံ၏ ခေါင်းဆောင်မှုကို ပြည်ပနိုင်ငံတစ်ခုက ဆုံးဖြတ်ပေးနိုင်မည်မဟုတ်ကြောင်းနှင့် ယင်းသို့ ကြိုးပမ်းခြင်းမှာ အီရန်၏ အချုပ်အခြာအာဏာကို စော်ကားခြင်းသာဖြစ်ကြောင်း ၎င်းက တုံ့ပြန်ခဲ့ပါသည်။