AI နည်းပညာကြောင့် အလုပ်အကိုင်အခွင့်အလမ်းများကို ကာကွယ်ရန်နှင့် ပိုမိုခန့်ထားရန် တရုတ်ကတိပြု

ဓာတ်ပုံ - AFP
ပုံစာ - ၂၀၂၆ ခုနှစ်တွင် တရုတ်၌ တက္ကသိုလ်ဘွဲ့ရ ၁၂.၇ သန်းအထိ စံချိန်တင်ရှိလာမည်

လူငယ်များ၊ တက္ကသိုလ်ဘွဲ့ရများနှင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို တိုးချဲ့သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရတာဝန်ရှိသူများက ယနေ့မတ်လ ၇ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် စီးပွားရေး၊ လူဦးရေတည်ဆောက်ပုံနှင့် AI နည်းပညာကြောင့် ဖြစ်ပေါ်လာသော ဖိအားများက အလုပ်အကိုင်စျေးကွက်အပေါ် သက်ရောက်မှုရှိနေစဉ် အစိုးရက ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။

နှစ်ပတ်လည် ပါလီမန်အစည်းအဝေးများ (Two Sessions) အတွင်း ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဝန်ကြီး ဝမ်ရှောင်ဖင်က “အလုပ်အကိုင်ရရှိရေးသည် ပြည်သူ့ဘဝကဏ္ဍတွင် မဖြစ်မနေဖြေရှင်းရမည့် မေးခွန်းတစ်ခုဖြစ်ပြီး မိသားစုတိုင်းနှင့် နိုင်ငံတော်အတွက် အရေးကြီးပါသည်” ဟု သတင်းထောက်များကို ပြောကြားသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံ၌ တက္ကသိုလ်ဘွဲ့ရသစ် ၁၂.၇ သန်းအထိ စံချိန်တင်ရှိနေသဖြင့် လူငယ်အလုပ်အကိုင်ရရှိရေးကို အဓိကထား၍ ကျောင်းတွင်းဝန်ဆောင်မှုများ၊ အကြီးစားအလုပ်သင်အစီအစဉ်များနှင့် ကျွမ်းကျင်မှုသင်တန်းများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

အာဏာပိုင်များအနေဖြင့် ဒေသန္တရအဆင့် အလုပ်အကိုင်အခွင့်အလမ်းများကို တိုးချဲ့မည်ဖြစ်ပြီး ဆောက်လုပ်ရေးနှင့် ဧည့်ဝတ်ပြုရေးကဏ္ဍကဲ့သို့သော လုပ်သားအင်အားအမြောက်အမြား အသုံးပြုသည့် ကဏ္ဍများတွင် ခန့်အပ်မှုများရှိလာစေရန် တွန်းအားပေးသွားမည်ဖြစ်ကာ ထွန်းသစ်စလုပ်ငန်းများတွင်လည်း လူဦးရေတိုးမြှင့်ခန့်အပ်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ ကျောင်းသားမဟုတ်သော အသက် ၁၆ နှစ်မှ ၂၄ နှစ်ကြား မြို့ပြလူငယ်အလုပ်လက်မဲ့နှုန်းသည် ဇန်နဝါရီလတွင် ၁၆.၃ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်လကထက် အနည်းငယ်ကျဆင်းသွားသော်လည်း မြင့်မားသည့်အဆင့်တွင် ရှိနေဆဲဖြစ်သည်။

စျေးကွက်အတွင်း မရေရာမှုများရှိနေသည်ကို ဝန်ခံသော်လည်း တည်ငြိမ်သော အလုပ်အကိုင်အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်ကြောင်း ဝန်ကြီး ဝမ်ရှောင်ဖင်က ပြောကြားခဲ့သည်။

ဉာဏ်ရည်တု (AI) နည်းပညာသည် အခွင့်အလမ်းတစ်ခုဖြစ်သလို မရေရာမှုတစ်ခုလည်း ဖြစ်လာသည်။

အလိုအလျောက်စနစ်နှင့် ဒစ်ဂျစ်တယ်ကိရိယာများသည် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများကို ပြောင်းလဲနေသဖြင့် အလုပ်အကိုင်သစ်များ ဖန်တီးနိုင်သည်ထက် AI က ရှိရင်းစွဲအလုပ်နေရာများကို ပိုမိုမြန်ဆန်စွာ အစားထိုးသွားမည်လားဆိုသည့် မေးခွန်းများ ထွက်ပေါ်လာသည်။

“AI ရဲ့ လျင်မြန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အလုပ်အကိုင်ကဏ္ဍအပေါ် နက်ရှိုင်းတဲ့ သက်ရောက်မှုရှိနေပါတယ်” ဟု ဝန်ကြီးဝမ်က ပြောကြားသည်။

သို့သော် AI ကို အဖျက်စွမ်းအားတစ်ခုအဖြစ် မြင်မည့်အစား ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ပေးမည့် ကိရိယာတစ်ခုအဖြစ် ရှုမြင်ပြီး အလုပ်သမားများကို ကျွမ်းကျင်မှုအသစ်များ တာဝန်ရှိသူများက လေ့ကျင့်ပေးသွားမည်ဖြစ်သည်။

တရုတ်ပြည်နယ်ပေါင်း ၂၀ ကျော်တွင် လုပ်ငန်းကဏ္ဍနှင့် ဆက်နွှယ်သော “ကျွမ်းကျင်မှုဆိုင်ရာ ဂေဟစနစ်” (Skills Ecosystems) ၂၃၀ ကျော်ကို တည်ထောင်ထားပြီး အဓိကရည်မှန်းချက်မှာ လုပ်သားများ၏ ဘဝတစ်လျှောက်လုံးအတွက် သက်မွေးဝမ်းကျောင်းသင်တန်းစနစ်တစ်ရပ် တည်ဆောက်ရန်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

လူငယ်အများအပြားသည် ပစ္စည်းပို့ဆောင်သူများ၊ အငှားယာဉ်မောင်းများ၊ Live လွှင့်ရောင်းချသူများနှင့် အခြားအလွတ်တန်းအလုပ် (Gig work) များတွင် ပါဝင်လာကြသဖြင့် ဝန်ကြီးဌာနအနေဖြင့် အဆိုပါအလုပ်သမားများအတွက် လူမှုဖူလုံရေး ကာကွယ်မှုများကို အားကောင်းအောင် လုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။

လက်ရှိတွင် ပြည်နယ် ၁၇ ခု၌ စမ်းသပ်ဆောင်ရွက်နေပြီး လူဦးရေ ၂၅ သန်းကျော် ပါဝင်သော လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု ကာကွယ်ရေးအစီအစဉ်ကို ယခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးချဲ့သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံတွင် ပုံသေမဟုတ်သော အလုပ်အကိုင် လုပ်ကိုင်သူပေါင်း သန်း ၂၀၀ ကျော်ရှိပြီး ယင်းသည် စုစုပေါင်းအလုပ်သမားအင်အား၏ ၂၇ ရာခိုင်နှုန်းခန့် ရှိသည်။