By Ko Myo / MPA
ရန်ကုန်မြို့ရှိ ခိုးဆိုးလုယက်နှင့် အိမ်ယာမဲ့လူငယ်များကို စစ်မှုထမ်းထဲသို့ ဖမ်းဆီးပို့ဆောင် နေကြောင်း သိရသည်။
ရန်ကုန်တွင် စစ်မှုထမ်းသင်တန်းကျောင်းသို့ ပို့ဆောင်ရန် လူငယ်များ နည်းပါးလာခြင်းနှင့် လူငယ် တစ်ဦး ဖမ်းဆီးမိပါက ကျပ်၁၀သိန်းမက ရရှိနေခြင်းတို့ကြောင့် ခိုးဆိုးလုယက်နှင့်အိမ်ယာမဲ့လူငယ် များကိုပါ ပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။
“အခု ရဲစခန်းအချုပ်တွေထဲမှာ ခိုးဆိုးလုယက်ဆိုတာမျိုး မရှိဘူး။မရှိတာက ရဲတွေလည်း အလုပ်မ လုပ်ကြတော့ ခိုးဆိုးလုယက်ဖမ်းမိတာမျိုးမရှိဘူး။ဖမ်းမိတာတွေဘာတွေရှိလည်း စစ်မှုထမ်းဈေးကွက် ထဲထည့်ပြီး ပိုက်ဆံယူလိုက်တာပဲ”ဟု ၎င်းက MPAသို့ပြောသည်။
ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များသည်လည်း ၎င်းတို့ရပ်ကွက်အတွင်း လူသတ်မှုကဲ့သို့ အမှုကြီးများကလွဲ၍ ကျန်အမှုများဖြစ်ပါက ရဲလက်မအပ်တော့ဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လာဘ် ငွေယူကာ ပြေလည်အောင် ဖြေရှင်းလိုက်သလို လူငယ်ဖြစ်ပါက စစ်မှုထမ်းထဲ သွတ်သွင်းကြောင်း သိရသည်။
“စစ်မှုထမ်းအတွက် ဖမ်းထားတာတွေကို ပို့တာကဘုရင့်နောင်စစ်ကြောရေး(လှိုင်မြို့နယ်၊ဘုရင့်နောင် လမ်းမ ပေါ်ရှိ အမှတ်၁ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း)ကို အရင်ပို့တယ်”ဟု ၎င်းက ဆက်လက် ပြောသည်။
စက်တင်ဘာ၇ရက်၊ည၁၀နာရီခွဲခန့်တွင် ကမာရွတ်မြို့နယ်၊၂ရပ်ကွက်၊စံရိပ်ငြိမ်၃လမ်းထဲ ပလုံကောက်နေသည့် လူငယ်၇ဦးကို ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ရာ ၆ဦး ဖမ်းဆီးခံခဲ့ရကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်ထားသည်။
ဧည့်စာရင်းစစ်ပြီးနောက် ဖမ်းဆီးခံရသည့် လူငယ်များကိုလည်း စစ်မှုထမ်းထဲသို့ ပို့နေကြောင်း ရဲသတင်းရင်းမြစ်က ဆိုသည်။
စာတည်း-ML
