မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်ရေးအရ အရေးနိမ့်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် စစ်ကော်မရှင် ဥက္ကဋ္ဌ မင်းအောင်လှိုင်သည် သန်လျင်ရေတပ်သင်္ဘောကျင်း၌ ရေတပ်အင်အားသစ်များ ဖြည့်တင်းခြင်းနှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ်အသစ်များ တည်ဆောက်ခြင်းတို့ကို မတ်လ ၈ ရက်နေ့က သွားရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် တန် ၄၀,၀၀၀ ဆံ့ ရေလုံလွန်းကျင်းကြီးကို ဖွင့်လှစ်ခဲ့ပြီး ၎င်းကို မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် နိုင်ငံတကာအဆင့်မီ စီမံကိန်းအဖြစ် ဂုဏ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင် ဥက္ကဋ္ဌသည် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ်များ၏ ကိုယ်ထည်အစိတ်အပိုင်းများကို စက်ခလုတ်နှိပ်၍ ဂဟေဆော်ကာ တည်ဆောက်ရေးလုပ်ငန်းကို စတင်ခဲ့ပြီး မြန်မာ့ပင်လယ်ပြင်သည် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ရှိနေသဖြင့် ရေတပ်အင်အား တောင့်တင်းရန် လိုအပ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
“အခုလို ငွေကုန်ကြေးကျများတဲ့ ရေတပ်စီမံကိန်းတွေကို ထုတ်ပြနေတာဟာ လက်တွေ့စစ်မျက်နှာမှာ ရှုံးနိမ့်နေတာတွေကို ဖုံးကွယ်ဖို့ ကြိုးပမ်းတဲ့ ဝါဒဖြန့်မှုတစ်ခုပဲလို့ သုံးသပ်ကြပါတယ်။ စစ်ကော်မရှင်အနေနဲ့ နယ်မြေစိုးမိုးမှုတွေ လျော့နည်းလာချိန်မှာ အဆင့်မြင့်စစ်လက်နက်တွေ ထုတ်လုပ်နိုင်တယ်ဆိုတာကို ပြပြီး တပ်တွင်းစိတ်ဓာတ် ပျက်ပြားနေတာကို ထိန်းသိမ်းဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက ပြောသည်။
စစ်ရေးလေ့လာသူတစ်ဦး၏ အမြင်အရ ပြည်တွင်း၌ ဖရီဂိတ်စစ်ရေယာဉ်ကဲ့သို့သော သင်္ဘောကြီးများကို တည်ဆောက်နိုင်ခြင်းသည် နည်းပညာအရ တိုးတက်မှုဟု ဆိုနိုင်သော်လည်း၊ လက်ရှိရင်ဆိုင်နေရသည့် ပြောက်ကျားစစ်နှင့် မြို့ပြစစ်ပွဲများတွင် ရေတပ်အင်အားသည် ထိရောက်သည့် အလှည့်အပြောင်း မဖြစ်စေနိုင်ကြောင်း ထောက်ပြကြသည်။ အထူးသဖြင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ်များသည် ခေတ်သစ်စစ်ပွဲ၏ ကုန်ကျစရိတ်ကို ပိုမိုမြင့်မားစေရုံသာ ရှိသည်ဟု ဆိုသည်။
“ပြည်သူတွေက ကုန်ဈေးနှုန်းဒဏ်နဲ့ စစ်ဘေးဒဏ်ကို အလူးအလဲခံနေရပြီး စစ်ရှောင်စခန်းတွေမှာ အကူအညီတွေ အရေးတကြီး လိုအပ်နေတာပါ။ ဒီလိုအချိန်မျိုးမှာမှ ပြည်သူ့ဘဏ္ဍာတွေကို အသုံးမဝင်တဲ့ လက်နက်ကြီးတွေအတွက် အလဟဿ သုံးစွဲနေတာဟာ တကယ့်ကို ရင်နာစရာကောင်းပြီး ပြည်သူ့ဘဝတွေကို လုံးဝလျစ်လျူရှုလိုက်တာပဲ ဖြစ်ပါတယ်။ စစ်ကော်မရှင်ဟာ လက်တွေ့မြေပြင်က ငိုကြွေးသံတွေကို နားမထောင်ဘဲ သူတို့အာဏာတည်မြဲရေး ဟန်ပြပွဲတွေအတွက်ပဲ အာရုံစိုက်နေတာပါ” ဟု ၎င်းက ပြောသည်။
စစ်ကော်မရှင် ဥက္ကဋ္ဌက အဆိုပါ ရေလုံလွန်းကျင်းတွင် အရပ်ဘက်ကုန်တင်သင်္ဘောကြီးများကိုပါ ပြင်ဆင်ပြီး ဝင်ငွေရှာဖွေရန် ပြောဆိုခဲ့သော်လည်း၊ လက်ရှိ နိုင်ငံတကာပိတ်ဆို့မှုများနှင့် စစ်ရေးပဋိပက္ခများအကြား ထိုအစီအစဉ်မှာ လက်တွေ့မကျကြောင်း စီးပွားရေးလေ့လာသူအချို့ကလည်း ရှုမြင်ကြသည်။
ယခုအခမ်းအနားတွင် ထည့်သွင်းပြသခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ် (သာလွန်မင်း) သည် ရေမိုင် ၃,၅၀၀ ကျော် ခရီးရှည် စမ်းသပ်မောင်းနှင်ခဲ့သည်ဟု ဆိုသော်လည်း၊ ၎င်းသည် ပြည်တွင်းစစ်၏ အလှည့်အပြောင်းကို မဖန်တီးနိုင်ဘဲ ဝေးလံသည့် ပင်လယ်ပြင်တွင်သာ အင်အားပြနိုင်သည့် အနေအထားဖြစ်ကြောင်း စစ်ကော်မရှင်၏ ရေတပ်အင်အားသစ် ဖြည့်တင်းမှုသည် ပြည်တွင်းတော်လှန်ရေး အင်အားစုများကို ခြိမ်းခြောက်နိုင်စွမ်း မရှိကြောင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။
ထို့အပြင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရေယာဉ်များ တည်ဆောက်မည်ဟု ကြေညာချက်သည် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအကြား စစ်လက်နက်အပြိုင်အဆိုင် ဖြစ်စေရန် လှုံ့ဆော်သကဲ့သို့ ဖြစ်နေကာ မြန်မာနိုင်ငံ၏ လက်ရှိအကျပ်အတည်းမှာ ရေတပ်အင်အား မရှိခြင်းကြောင့်မဟုတ်ဘဲ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကျရှုံးမှုများကြောင့် ဖြစ်သည်ဟု လေ့လာသူများက ကောက်ချက်ချကြသည်။
တက်ကြွလှုပ်ရှားသူများ၏ အဆိုအရ မင်းအောင်လှိုင်၏ သန်လျင်ခရီးစဉ်သည် လက်တွေ့မြေပြင်တွင် စစ်ရှုံးနေသည့် စစ်သည်များအတွက် စိတ်ဓာတ်မြှင့်တင်ရေး ပြကွက်တစ်ခုသာ ဖြစ်ပြီး ပြည်သူ့ဘဏ္ဍာဖြင့် တည်ဆောက်ထားသည့် အဆိုပါ စစ်လက်နက်များသည် နောက်ဆုံးတွင် ပြည်သူကိုပင် ပြန်လည်နှိပ်စက်ရန် အသုံးပြုလာမည်ကိုလည်း စိုးရိမ်မှုများ မြင့်တက်နေသည်။
