ရန်ကုန်တွင် ယာဉ်ထိန်းရဲအချို့ ဝီရိယကြီးစွာဖြင့် နံနက်စောစောထ ငွေညှစ်နေ

ဓာတ်ပုံ - Yangon Traffic Police
ပုံစာ - ပုံအဟောင်းများ အသုံးပြုထားပါသည်။

ရန်ကုန်မြို့တွင် ယာဉ်ထိန်းရဲအချို့မှာ နံနက်၆နာရီကျော်ကတည်းကပင် စတင်တာဝန်ထမ်းဆောင် ကာ ငွေညှစ်နေကြောင်း သိရသည်။

စက်သုံးဆီချွေတာရေးစီမံချက်ဟုဆိုကာ မော်တော်ယာဉ်များအနေနှင့် စုံ/မ နံပါတ် အက္ခရာအလိုက် စုံရက်၊မရက် တစ်ရက်ခြားသာ ထွက်ရမည်ဆိုသည့် စစ်ကော်မရှင်၏ ထုတ်ပြန်ချက်သည် မတ်လ ၇ရက်တွင် စတင်အသက်ဝင်ပြီးနောက် ယာဉ်ထိန်းရဲအချို့ နံနက်စောစောထ၍ မလိုက်နာသော ယာဉ်များအား စစ်ဆေးငွေညှစ်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံအချို့ထံက သိရသည်။

“မနက် ၆နာရီခွဲလောက် စက်ဘီးနင်းနေတဲ့အချိန် သာကေတ ရွှေပုစွန်နားမှာ ယာဉ်ထိန်းရဲတွေ ရောက်နေတာ တွေ့ရတယ်။မနက်စောစော စက်ဘီးနင်းနေတာ ကြာပြီ။တစ်ခါမှ အဲဒီလောက် ဝီရိယကောင်းတာ မတွေ့ခဲ့ဖူးဘူး။တချို့ကားတွေက ကိုယ့်ထွက်ရက်မဟုတ်ပေမဲ့ မနက်စောစော မဖမ်းလောက်ဘူးဆိုပြီး ထွက်လာတာမျိုးတွေကို ဒီကောင်တွေက စောင့်ဖမ်းတာ”ဟု သာကေတ မြို့နယ်နေ အသက်၅၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက MPAသို့ပြောသည်။

သတ်မှတ်ရက်မဟုတ်ဘဲ လမ်းပေါ်တက်လာသည့်ကားများကို ယာဉ်ထိန်းရဲတို့ စစ်ဆေးတွေ့ရှိပါက အနည်းဆုံး ကျပ်၂သောင်း ပေးရကြောင်း သိရသည်။

“၇ရက်နေ့တုန်းက ၂သောင်းလောက်ပေးရင် ပြတ်တယ်။ ၈ရက်နေ့မှာ ဈေးတက်နေပြီ၊၃သောင်း လောက် စခေါ်တာ။ဆစ်ရင်းပြုရင်းနဲ့ တချို့လည်း ၂သောင်း၊၂သောင်းခွဲလောက် ပေးလိုက်ရတယ်” ဟု တောင်ဥက္ကလာပ၊စာတိုက်အနီးနေ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

ယနေ့(မတ်၉ရက်)နံနက်အစောပိုင်းတွင် တောင်ဥက္ကလာ၊ပါရမီလမ်းမပေါ်နှင့် သီရိမင်္ဂလာဈေးအလွန် ၊ဘုရင့်နောင်လမ်းမပေါ်တို့တွင် ယာဉ်ထိန်းရဲတို့ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

“စောစောစီးစီး ရေထွက်ခပ်တာ။အမိန့်တစ်ခုထွက်လာတယ်ဆိုတာ သူတို့အတွက် ရေဂွင်တစ်ခု ချ ပေးလိုက်တာပဲ။စုံ/မ အမိန့်ကို ကိုင်ပြီး တောင်းရမ်းတော့တာ”ဟု ၎င်းက ပြောသည်။

စုံ/မ စနစ် ပညာပေးကာလအဖြစ် မတ်လ၇ရက်မှ ၁၃ရက်အထိ သတ်မှတ်ထားပြီး မတ်၁၄ရက်မှ စတင်ကာ အမိန့် ဖောက်ဖျက်သူများအား ထောင်ဒဏ်တစ်လ၊ ငွေဒဏ်၂သောင်း သို့မဟုတ် ဒဏ် ၂ရပ်စလုံး ကျခံရမည်ဟုလည်း သတင်းထွက်ပေါ်နေသည်။

မော်တော်ယာဉ်များ စုံ/မ ခွဲ၍ မောင်းနှင်သည့်စနစ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် One Stop Service စနစ်ဖြင့် စစ်ဆေးအရေးယူသွားမည်ဖြစ်ပြီး One Stop Service အဖွဲ့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ နယ်မြေခံရဲ၊ ယာဉ်ထိန်းရဲ၊ တရားရေး၊ ဥပဒေ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စည်ပင်နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသွားမည်ဟု စစ်ကော်မရှင်လော်ဘီ ပေါ်ပြူလာ နယူးစ်သတင်းဌာနက ဖော်ပြသည်။