ကျောက်ပန်းတောင်းတွင် ထွက်မပြေးနိုင်သည့် အဘွား ၃ ဦးကို စစ်တပ် မီးရှို့သတ်ဖြတ်

ဓာတ်ပုံ - KPG Update News
ပုံစာ - ကဗြူရွာကို စစ်တပ်မီးရှို့ဖျက်ဆီးပြီးနောက် မြင်ကွင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသောတပ်က ထွက်မပြေးနိုင် သည့် အဘွားအို ၃ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

မတ်လ ၁ရက်ကတည်းက ကျောက်ပန်းတောင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာ သောတပ်သည် ကဗြူ(ကမ်းဗျူ)ရွာက အဘွားအိုး ၃ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

” ကဗြူက လူတွေက ရွာကို မီးရှို့တော့ အကုန်လုံး ရွာထဲက ထွက်ပြေးကြတာပါ။ အဲ့မှာ ကျန်ခဲ့တဲ့ အသက်အရမ်းကြီးပြီးတော့ သိပ်မလှုပ်နိုင်မရှားနိုင် မပြေးနိုင်တဲ့ အဘွားအို ၃ ယောက် မီးရှို့ခံ လိုက်ရတာပါ။ ၃ ဦးမှာ ၂ ဦးက အပျိုကြီးညီအစ်မ ၂ ဦးဖြစ်တယ်လို့ သိရပါတယ်။ ၅ ရက် နေ့ ၆ ရက်နေ့တွေကတည်းက ဖြစ်ထားတာပါ။ မနေ့ကမှ ရွာသားတွေ ရွာထဲပြန်ဝင်မှ တွေ့တာပါခင်ဗျ” ဟု KPG Update News မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းစစ်ကြောင်းသည် ညောင်ဦးမြို့နယ်၊ ဖလကန်ရွာဘက်မှ ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

” အင်အားက အဲ့လောက်မများဘူး။ သူစထွက်ချင်း အင်အားအရေအတွက်တော့ မသိဘူး။ ဒီဘက် ကျောက်ပန်းတောင်း၊ ကဗြူဘက် စိတ္ထိန်းရွာဘက် ရောက်လာတဲ့ အချိန်မှာ အင်အားက ၆၅ယောက်လောက်ပဲကျန်တော့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းသည် မတ်လ ၆ရက်တွင် ဗြူရွာအတွင်းရှိ နေအိမ် ၂၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ ပြီးမတ်လ ၃ရက်ကလည်း စိတ္ထိန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၇၀ကျော် မီးလောင် ပြာ ကျခဲ့သည်။