ရခိုင်ပြည်နယ်ရှိ စစ်ကော်မရှင် ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေမြို့နယ်တွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ စုံစမ်း သိရှိရသည်။
စစ်တွေမြို့နယ်တွင် တိုက်ပွဲပြင်းထန်မှုနှင့်အတူ အနီးဝန်းကျင်က မြို့နယ်တချို့ကိုလည်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
စစ်တွေမြို့ကို လက်လွှတ်ဆုံးရှုံးရမည်ကို စိုးရိမ်နေသည့် စစ်ကော်မရှင်က အေအေတပ်များ ရှိနေနိုင်သည့် ပေါက်တောမြို့နယ်က နေရာတချို့ကို မတ်လ ၆ ရက် ညပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ပေါက်တောဒေသခံ အမျိုးသားတစ်ဦးက “စစ်တွေမှာ တိုက်ပွဲတော့ ပြင်းနေတယ်။ ဆေးရုံ OPD ဌာနကိုလည်း လက်နက်ကြီးအစ ထိမှန်မှုတွေ ရှိတယ်လို့ သိရတယ်။ အဲဒါက လေယာဉ်ကနေ ဗုံးကြဲလို့ ထိတာလား၊ ဘယ်လိုဖြစ်တာလဲ အတိအကျတော့ မပြောနိုင်ဘူး” ဟု ပြောသည်။
လက်နက်ကြီးထိမှန်မှုကြောင့် စစ်တွေဆေးရုံကြီး၏ အရေးပေါ်လူနာဌာန ပျက်စီးခဲ့သလို မြို့တွင်း အထက (၄) နှင့် ဥပဒေရုံးတစ်ခုအနီးကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
မတ်လ ၆ ရက် ည ၉ နာရီခန့်မှ ၁၁ နာရီခွဲခန့်အထိ စစ်ကော်မရှင်က ဂျက်ဖိုက်တာနှစ်စင်း၊ Y-12 လေယာဉ်များနှင့် ပေါက်တောမြို့နယ်ကို ပြင်းပြင်းထန်ထန် ဗုံးကြဲပြီး နောက်တစ်နေ့ မတ်လ ၇ ရက် မနက်ပိုင်းတွင် စစ်တွေဆေးရုံကို လက်နက်ကြီးထိမှန်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
“ပေါက်တောဘက်ကိုနေပြီးတော့ အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီတိုက်ခိုက်မှုမှာ ဂျက်ဖိုက်တာနှစ်စီး၊ Y-12 တွေလည်း အများကြီးပါတယ်။ ဆိုတော့ သူတို့က ပေါက်တောဘက်ကို ဗုံးမိုးရွာတယ်ပေါ့။ ပေါက်တော ကြိမ်ခွေမော်၊ ဓားကိုင်၊ ငပြီးကျွန်း အနီးဝန်းကျင်က တောင်တန်းတွေကို ကြဲချခဲ့တာပါ” ဟု အထက်ပါ ပေါက်တောဒေသခံက ဆိုသည်။
စစ်ကော်မရှင်၏ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှု အခြေအနေကိုမူ တိတိကျကျ မပြောနိုင်သေးကြောင်း ၎င်းက ဆိုသည်။
လက်ရှိ စစ်တွေတွင် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်နေသလို စစ်တွေနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စသည့်မြို့နယ်များကပါ AA က ထိုးစစ်ဆင်လာမည်ကို စိုးရိမ်သောကြောင့် စစ်ကော်မရှင်က လေကြောင်းအသုံးပြု ပြင်းပြင်းထန်ထန် တိုက်ခိုက်လာခြင်းဖြစ်သည်ဟု စစ်ရေးအကဲခတ်များက ဆိုကြသည်။
“အခု စစ်တွေမှာ တိုက်ပွဲက ကြမ်းနေတယ်။ စစ်တွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြို့နယ်တွေကလည်း စစ်ကြောင်းထိုးလာမှာကို စစ်ကော်မရှင်က စိုးရိမ်တာတွေရှိတယ်။ တိုက်ပွဲမဖြစ်ခင်လည်း အဲလိုပဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ အခု တိုက်ပွဲပြင်းလာတော့ ဒီလိုမျိုး စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ယမ်းသန်းပြီးတော့ ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် လုပ်လာနေတာ ဖြစ်တယ်” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။
စစ်ပွဲပြင်းထန်လာသည်နှင့်အမျှ စစ်တွေမြို့တွင်းရှိ ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြရသည်။ တခြားတစ်ဖက်တွင် ပြည်သူလူထုကို ဧည့်စာရင်းအကြောင်းပြပြီး ဖမ်းဆီးမှုများလည်း ရှိနေသည်ဟု ဒေသခံများက ဆိုကြသည်။
