ခါမေနီ သေဆုံးမှုအပေါ် ဒေါ်လာ ၅၄ သန်း လောင်းကြေးထပ်ခဲ့ကြသော်လည်း လောင်းကစားသမားများ ငွေထုတ်မရဖြစ်နေ

အနာဂတ်ဖြစ်ရပ်များကို ခန့်မှန်းလောင်းကစားသည့် Kalshi ဝက်ဘ်ဆိုက်တွင် အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီ သေဆုံးမည့်အပေါ် မှန်ကန်စွာ လောင်းကြေးထပ်နိုင်ခဲ့သူများသည် ၎င်းတို့အနေဖြင့် ကြွယ်ဝချမ်းသာလာတော့မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း လက်ရှိတွင် ငွေထုတ်မရသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်။

အီရန်ခေါင်းဆောင် အသတ်ခံရသည့်သတင်း ထွက်ပေါ်လာချိန်တွင် နယူးယောက်ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ၎င်းလောင်းထားသည့် ဒေါ်လာ ၃,၄၆၀ အတွက် အနိုင်ရရှိငွေ ဒေါ်လာ ၆၃,၀၀၀ ကျော် ရရှိတော့မည်ဟု ပျော်ရွှင်နေခဲ့ကာ ၎င်း၏ Kalshi အက်ပလီကေးရှင်းတွင်လည်း အနိုင်ရရှိကြောင်း အစိမ်းရောင်အမှတ်အသား ပြသခဲ့သည်။

သို့သော် မိနစ်ပိုင်းအကြာတွင် Kalshi ကုမ္ပဏီက အဆိုပါ အီရန်ခေါင်းဆောင် အပြောင်းအလဲအပေါ် လောင်းထားသည့် စုစုပေါင်း ဒေါ်လာ ၅၄ သန်းဖိုး အရောင်းအဝယ်များကို ရပ်ဆိုင်းလိုက်သည်။

အကြောင်းပြချက်မှာ ၎င်းတို့ဝက်ဘ်ဆိုက်သည် သေဆုံးမှုနှင့် တိုက်ရိုက်သက်ဆိုင်သည့် အရောင်းအဝယ်များကို ခွင့်မပြုသောကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထိုကဲ့သို့ စည်းမျဉ်းပြောင်းလဲလိုက်ခြင်းကြောင့် လောင်းကစားသမားများကြား အကြီးအကျယ် ဒေါသထွက်ခဲ့ကြပြီး ၎င်းတို့၏ အနိုင်ရရှိငွေများကို မတရားသဖြင့် လိမ်လည်ခံရခြင်းဖြစ်သည်ဟု လူမှုကွန်ရက်တွင် စွပ်စွဲခဲ့ကြသည်။

အဆိုပါဖြစ်ရပ်ကြောင့် ရွေးကောက်ပွဲများ၊ နိုင်ငံတကာရေးရာများနှင့် ကမ္ဘာ့အဖြစ်အပျက်များအပေါ် လောင်းကစားခွင့်ပေးထားသည့် Kalshi နှင့် Polymarket ကဲ့သို့သော ဝက်ဘ်ဆိုက်များအပေါ် ဝေဖန်မှုများ ပိုမိုပြင်းထန်လာသည်။

ကွန်နက်တီကတ်ပြည်နယ် အထက်လွှတ်တော်အမတ် ခရစ်မာဖီ (Chris Murphy) က ဤကဲ့သို့ လူ့အသက်နှင့် စစ်ပွဲများအပေါ် လောင်းကစားခြင်းသည် အမေရိကန် စီးပွားရေးလောက၏ ကိုယ်ကျင့်တရားပျက်ယွင်းမှုပင်ဖြစ်ကြောင်းနှင့် လူသတ်မှု သို့မဟုတ် နိုင်ငံရေးအကြမ်းဖက်မှုများကို ငွေကြေးအရ တွန်းအားပေးသကဲ့သို့ ဖြစ်နေကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ထို့အပြင် Polymarket ဝက်ဘ်ဆိုက်တွင်လည်း အမေရိကန်က အီရန်ကို တိုက်ခိုက်မည့်ရက်စွဲကို အတိအကျသိရှိပြီး လောင်းကြေးထပ်ကာ ငွေအမြောက်အမြား အနိုင်ရရှိသွားသူများ ရှိနေကြောင်း၊ ယင်းမှာ အတွင်းသတင်း (Insider Trading) ရရှိထားသူများ ဖြစ်နိုင်ကြောင်း သံသယများ ရှိနေသည်။

ဒေါ်နယ်ထရမ့်၏ သားဖြစ်သူ ဒေါ်နယ်ထရန့် ဂျူနီယာသည်လည်း Polymarket ၏ အကြံပေးအဖွဲ့တွင် ပါဝင်နေသည့်အတွက် စစ်ပွဲနှင့် သေဆုံးမှုများအပေါ် အစိုးရနှင့် နီးစပ်သူများက အမြတ်ထုတ်နေခြင်းဖြစ်နိုင်သည်ဟု မာဖီက ထောက်ပြထားသည်။

Kalshi ၏ စီအီးအိုကမူ ၎င်းတို့သည် သေဆုံးမှုအပေါ် လောင်းကစားခွင့်ပေးခြင်းမဟုတ်ဘဲ အီရန်နိုင်ငံ၏ ခေါင်းဆောင်မှုအပြောင်းအလဲသည် ကမ္ဘာ့ရေနံဈေးနှုန်းနှင့် ပထဝီနိုင်ငံရေးအပေါ် သက်ရောက်မှုရှိသောကြောင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ခုခံပြောဆိုသည်။

သို့သော် လေ့လာသူများကမူ အသက် ၈၆ နှစ်အရွယ် ဘာသာရေးခေါင်းဆောင်တစ်ဦး အာဏာလက်လွှတ်ရခြင်းမှာ သေဆုံးခြင်းမှတစ်ပါး အခြားနည်းလမ်းမရှိနိုင်ကြောင်း၊ ထို့ကြောင့် ဤအရောင်းအဝယ်မှာ သေဆုံးမှုအပေါ် လောင်းကစားခြင်းသာဖြစ်ကြောင်း ထောက်ပြနေကြသည်။

လက်ရှိတွင် လောင်းကစားသမားများက ၎င်းတို့၏ငွေများကို ပြန်လည်ရရှိရန် တောင်းဆိုနေကြပြီး အမေရိကန် လွှတ်တော်အမတ်အချို့ကလည်း အစိုးရနှင့် နိုင်ငံတကာရေးရာများအပေါ် ဤကဲ့သို့ လောင်းကစားခြင်းမျိုးကို တားမြစ်ရန် ဥပဒေကြမ်းများ ရေးဆွဲရန် ပြင်ဆင်နေကြသည်။