ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်တစ်ဦး နေအိမ်၌ရှိနေစဉ် PDF တို့ ဝင်ရောက် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။
မတ်လ ၈ရက်၊ ည ၉နာရီ ၁၅မိနစ်ခန့်တွင် သဲကုန်းမြို့နယ်၊ ကြိုပင်သာရွာ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးခေါင်းဆောင် ခင်စိုးကို ၎င်း၏နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းထိမှန်ကာ သေဆုံးခဲ့ကြောင်း PPDF-၃၆၀၁တပ်ရင်းက သတင်းထုတ်ပြန်သည်။
” နေအိမ်ထဲဝင်ရောက်တဲ့အချိန်မှာတော့ သူ့မိသားစုရှိတယ်။ ကျနော်တို့က သူ့ရဲ့နေအိမ်ထဲ ကနေပြီးတော့ ခြံဝင်းထဲခေါ်ထုတ်ပြီးတော့ ရှင်းလင်းလိုက်တာပေါ့နော်။ ဝင်ပစ်တဲ့အချိန်မှာတော့ ထွက်ပြေးဖို့ ကြံစည်တာပေါ့။ အဲဒါကြောင့် ထွက်ပြေးဖို့ ကြံစည်လို့ပဲ ကျနော်တို့က ခြံဝင်းထဲမှာ ပစ်ခတ်ရှင်းလင်းလိုက်တာပါ” ဟု PPDF-၃၆၀၁တပ်ရင်း၊ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန် ကြားတာဝန်ခံ ရဲဘော်Shadowက MPA သို့ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ည၁၁နာရီဝန်းကျင်တွင် စစ်သားများရောက်ရှိလာပြီး ရုပ်အလောင်းကို သယ်ဆောင်သွားကြောင်းသိရသည်။
” ဒီနေ့မှာတော့ အလောင်းကို မနက်အစောပိုင်းမှာ ပြန်ပြီးလာပို့သွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ပျူခေါင်းဆောင် ခင်စိုးသည် စစ်တပ်အတွက် စစ်မှုထမ်းကြေးလစဉ်ကောက်ပေးခြင်း၊ ထောက်ခံစာ တစ်စောင်ကို ငွေကျပ် ၂သောင်း တောင်းခြင်း၊ ပေါ်တာဆွဲရာတွင် စစ်တပ်နှင့်အတူ လိုက် ခြင်း၊ တော်လှန်ရေးတပ်များ၏ သတင်းအချက်အလက်များစုဆောင်းကာ စစ်တပ်ထံ ပေးပို့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း PPDF-၃၆၀၁တပ်ရင်းက ထုတ်ပြန်ထားသည်။
စစ်တပ်ထံသို့ ၎င်း၏ သတင်းပေးပို့မှုကြောင့် ပြည်သူ ၅ဦး ဖမ်းဆီးခံခဲ့ရကြောင်းလည်း ဆိုသည်။
၎င်းထံမှ တံဆိပ်တုံးနှင့် ထောက်ခံစာလုပ်ပေးသည့် စာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
