မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အချက်အချာကျမှုကို အကြောင်းပြု၍ အနောက်အုပ်စု ဝင်ရောက်မလာနိုင်စေရန် တရုတ်က အကာအကွယ်ပေးလိမ့်မည်ဟု စစ်တပ် လော်ဘီများက တယ်လီဂရမ်ချန်နယ်များ၌ ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖြန့်ဝေလာကြသည်။
အဆိုပါ လော်ဘီများသည် တရုတ်နိုင်ငံ၏ စွမ်းအင်တင်သွင်းမှု လမ်းကြောင်းများဖြစ်သော မလက္ကာရေလက်ကြားနှင့် ထိုင်ဝမ်ရေလက်ကြားတို့တွင် အနောက်အုပ်စု၏ ပိတ်ဆို့မှုကို ခံရနိုင်ခြေရှိသဖြင့်၊ မြန်မာနိုင်ငံသည် တရုတ်အတွက် မရှိမဖြစ်လိုအပ်သော အစားထိုးထွက်ပေါက် (Alternative Exit) ဖြစ်သည်ဟူသောအချက်ကို အဓိကထား၍ အချက်အလက်များကို ပုံဖော်နေကြခြင်းဖြစ်သည်။
အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ရန်ကုန်ဆိပ်ကမ်းများသည် တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် အသက်သွေးကြောများဖြစ်ကြောင်း၊ ထို့ကြောင့် အနောက်အုပ်စု၏ ဩဇာလွှမ်းမိုးမှု မခံရစေရန်အတွက် တရုတ်နိုင်ငံအနေဖြင့် စစ်ကော်မရှင်ကို နည်းမျိုးစုံဖြင့် ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း လော်ဘီများက ဆိုကြသည်။
၎င်းတို့သည် လက်ရှိမြောက်ပိုင်းမဟာမိတ်အဖွဲ့များဖြစ်သော MNDAA၊ TNLA နှင့် UWSA တို့ ထိန်းချုပ်ထားသည့် ဒေသများကို တရုတ်၏ ဩဇာလွှမ်းမိုးမှုအောက်ရှိ အနီရောင်နယ်မြေများအဖြစ် သတ်မှတ်ကာ၊ အဆိုပါဒေသများကို အနောက်အုပ်စု ခြေကုပ်မရရှိစေရန်အတွက် တရုတ်က တံတိုင်းသဖွယ် အသုံးချနေသည်ဟုလည်း ဝါဒဖြန့်ထားသည်။
“တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကိုပဲ အခြေခံလေ့ရှိပြီး၊ ဘယ်အစိုးရ ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းနဲ့မဆို အခြေအနေပေါ်မူတည်ပြီး ဆက်ဆံတတ်တယ်လို့ ထောက်ပြကြပါတယ်။ ဒါကြောင့် စစ်ကော်မရှင်ကို အကြွင်းမဲ့ ကာကွယ်ပေးလိမ့်မယ်ဆိုတဲ့ အချက်ဟာ လော်ဘီတွေက ပြည်သူတွေကို လှည့်စားနေတာပဲ ဖြစ်ပါတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
လတ်တလော ဖြစ်ပွားနေသည့် အီရန်နှင့် အစ္စရေးအကြား စစ်ပွဲများကြောင့် နိုင်ငံတကာ ရေနံတင်သွင်းမှု ကွင်းဆက်များတွင် အကျပ်အတည်းဖြစ်ပေါ်နေချိန်၌ မြန်မာနိုင်ငံ၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါလာသည်ဟု ဆိုကာ၊ တရုတ်နှင့် အနောက်အုပ်စုအကြား မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံရေးအပေးအယူများ ရှိလာနိုင်ကြောင်းလည်း လော်ဘီများက ဝါဒဖြန့်နေကြသည်။
ယင်းကဲ့သို့ ရေးသားချက်များသည် တရုတ်၏ စီးပွားရေးစီမံကိန်းများကို အသုံးချကာ စစ်ကော်မရှင်ဘက်တွင် တရုတ်၏ အစွမ်းထက်သော အကာအကွယ်ရှိနေသယောင် ပုံဖော်ခြင်းဖြစ်ပြီး၊ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအကြား စိတ်ဓာတ်ကျဆင်းစေရန် ရည်ရွယ်သည့် စနစ်တကျ စီစဉ်ထားသော စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုသာ ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။
“‘တရုတ်ရဲ့ အနီရောင်နယ်မြေ ဆိုတာမျိုးနဲ့ ဝါဒဖြန့်နေပေမဲ့ ဒါဟာ သူတို့ရဲ့ နယ်စပ်တည်ငြိမ်ရေးနဲ့ စီးပွားရေးလမ်းကြောင်းတွေအတွက်ပဲ ဖြစ်ပြီး၊ စစ်ရှုံးနေတဲ့ စစ်ကော်မရှင်ကို အကာအကွယ်ပေးဖို့ မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ ဒီလို လှည့်စားတဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေကို သတိထားကြဖို့ လိုပါတယ်” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ဆက်လက်ပြောသည်။
အနောက်အုပ်စုအနေဖြင့်လည်း မြန်မာ့အရေးကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှုထောင့်မှသာမက ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုအဖြစ် ရှုမြင်နေသဖြင့် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို လျစ်လျူရှုမည်မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ ပါဝင်ပတ်သက်မှုများကို ဆက်လက်ထိန်းညှိသွားမည့် အလားအလာရှိနေကြောင်း စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
ထို့အပြင် ကျောက်ဖြူစီမံကိန်းကဲ့သို့သော BRI စီမံကိန်းများသည် တရုတ်အတွက် အရေးပါသည်မှာ မှန်သော်လည်း ယင်းစီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးမှာ မြေပြင်တည်ငြိမ်မှုအပေါ် မူတည်နေသဖြင့် တရုတ်သည် စစ်ကော်မရှင်နှင့်သာမက အင်အားကြီး တော်လှန်ရေးအဖွဲ့များနှင့်ပါ ဆက်ဆံရေး တည်ဆောက်ထားရသည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အဆိုပါ ဝါဒဖြန့်မှုများကို သတိပြုရန် လိုအပ်ပြီး၊ နိုင်ငံတကာဆက်ဆံရေး၏ ရှုပ်ထွေးသော သဘာဝနှင့် တရုတ်နိုင်ငံ၏ ကိုယ်ကျိုးစီးပွားရှာဖွေတတ်သော အလေ့အထကို ထည့်သွင်းစဉ်းစားကာ မြေပြင်အမှန်တရားနှင့် နှိုင်းယှဉ်သုံးသပ်ကြရန် နိုင်ငံရေးအကဲခတ်များက တိုက်တွန်းထားသည်။
