ဖလမ်းတွင် စစ်တပ် အသေခံဒရုန်း ထိမှန်ကာ ကျောင်းသူတစ်ဦး ပွဲချင်းပြီးသေဆုံး

ဓာတ်ပုံ - ပေးပို့
ပုံစာ - အသေခံဒရုန်းကျရောက်ခဲ့သည့် လုံးဟော့ရွာရှိနေအိမ်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုံးဟော့ရွာကို စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ကျောင်းသူတစ်ဦး ပွဲချင်းပြီးသေဆုံးကာ ၎င်း၏ မိခင် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၈ရက်၊ ညနေ ၄နာရီခန့်က ဖလမ်းမြို့နယ်၊ လုံးဟော့ရွာကို စစ်တပ်က ဆူဆိုက်ဒရုန်း ခေါ် အသေခံဒရုန်းတစ်စင်းဖြင့် တိုက်ခိုက်ခဲ့ရာ ယင်းရွာအတွင်း AG ဘုရားကျောင်းအနီးရှိ နေအိမ်တစ် လုံးပေါ်သို့ ကျရောက်‌ခဲ့ပြီး အမျိုးသမီးများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဘုရားကျောင်းနားက နေအိမ်ပေါ် တည့်တည့်ကျတာ။ ညနေပိုင်းဆိုတော့ ထမင်းချက်ချိန်ပေါ့။ သေဆုံးသူကောင်မလေးက ထမင်းချက်နေတုန်း ဒရုန်းဗုံးထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားတယ်။ သူ့မိခင်လည်း ဒဏ်ရာအပြင်းအထန် ရသွားတယ်”ဟု ဖလမ်းမြို့ သတင်းရင်းမြစ်က MPA ကို ပြောသည်။

သေဆုံးသူမှာ အသက် ၁၉ နှစ်အရွယ် ၁၀တန်းကျောင်းသူဖြစ်ပြီး ၎င်း၏ မိခင်မှာ အသက် ၅၇ နှစ်အရွယ်ဖြစ်ကြောင်း သိရသည်။

” တစ်ရက်တည်းမှာပဲ ဆိမ်လ်ဇောကို ဒရုန်းချသေးတယ်။ လူမရှိလို့ မထိကြတာ။ လုံးဟော့နဲ့ ဆိမ်လ်ဇော သိပ်မဝေးဘူး။ တောက်လျှောက်တော့ စကမက ဖလမ်းမြို့နယ်ထဲမှာ ဗုံးကြဲလိုက်၊ ဒရုန်းနဲ့ချလိုက်၊ လက်နက်ကြီးနဲ့ ပစ်လိုက် လုပ်နေပါတယ်။ ခုရက်ထဲတော့ ပိုစိပ်လာတယ်။ ၇ရက်နေ့ကလည်း အဲဒီဆိမ်ဇောလ်ရွာကို လက်နက်ကြီးနဲ့ထုလို့ ရွာထဲ ပစ္စည်းပြန်ယူတဲ့ ကောင်လေး‌တစ်ယောက်သေပြီး ၂ဦးဒဏ်ရာရသေးတယ်။ ၁၄နှစ်၊ ၁၅ နှစ်ဝန်းကျင်တွေပါ ” ဟု ၎င်းက ဆက်လက်ပြောသည်။

ဖလမ်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် လုံးဟော့နှင့် ဆိမ်လ်ဇောရွာ အပါအဝင် ကျေးရွာ ၁၃ ရွာမှ ဒေသခံပြည်သူ ၅၀၀၀ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

၂၀၂၅ခု၊ အောက်တိုဘာ ၂၉ရက်မှ စတင်ကာ ဖလမ်းမြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်‌ နိုင်ရေး အတွက် အင်အားထောင်နှင့်ချီ အသုံးပြုကာ စစ်ကြောင်းထိုးနေသော်လည်း ချင်းတော်လှန်ရေးပူး ပေါင်းတပ်များ၏ ခုခံမှုကြောင့် ဖလမ်းမြို့အနီးသို့ ရောက်ရှိလာနိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲများဖြစ် ပွားလျက်ရှိသည်။