ပဲခူးတိုင်း၊ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်အတွင်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုနှင့် ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ပြည်သူ ၃၀ အသက်ဆုံးရှုံးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့(မတ်၉ရက်) သတင်းထုတ်ပြန်သည်။
မတ်လ၅ရက်တွင် ညောင်လေးပင်ခရိုင်(ခလယ်လွီထူ)၊ကျောက်ကြီးမြို့နယ်(လယ်ဒို)၊ရေတွင်းကုန်း ကျေးရွာအုပ်စုအတွင်းရှိ အရပ်သားပြည်သူ ၁၆၀ခန့်ကို ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းက ဖမ်းဆီးခဲ့ကြောင်း မတ်လ၇ရက်တွင် စစ်တပ်နှင့် KNLA တပ်တို့ တိုက်ပွဲ ဖြစ် ပွားခဲ့ပြီး စစ်တပ်က ဒရုန်းနှင့် ဂျက်ဖိုက်တာတို့ဖြင့် ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းသို့ ဗုံးကြဲခဲ့ရာ ၎င်းတို့ဖမ်းဆီးထားသော ပြည်သူ၂၅ဦး ထိခိုက်သေဆုံးခဲ့ပြီး ၅ဦးမှာ စစ်တပ် သတ်ဖြတ်ခြင်းကြောင့် သေဆုံးခဲ့ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်သည်။
“ကျနော်တို့သိရသလောက်ဆိုရင် သေဆုံးတာ ၃၀ဆိုတာထက် ပိုများမယ်။အခုထိလည်း စစ်တပ်က အဲကနေ မထွက်သေးဘူးဆိုတော့ အတိအကျ မသိရသေးဘူး။ပြည်သူဆိုတာဗျာ၊ကိုယ့်ရွာမှာကိုယ်နေ တာ။ ကိုယ်နေတာက တော်လှန်ရေးနယ်မြေဖြစ်လို့ တော်လှန်ရေးကို အားပေးတယ်ဆိုပြီး ဒုက္ခပေး တာကျတော့ အရမ်းလွန်လွန်းတယ်။အခုက အဲလို တော်လှန်ရေးနယ်မြေက လူတွေကို သတ်မှတ်ပြီး လုပ်နေတာ”ဟု ညောင်လေးပင်မြို့ပေါ်နေ အမျိုးသားတစ်ဦးက MPAသို့ပြောသည်။
ထိခိုက်၊သေဆုံးမှုစာရင်းကို ကေအဲန်ယူက ဆက်လက်စိစစ်အတည်ပြုနေဆဲဖြစ်ပြီး အချိန်နှင့်တစ် ပြေးညီထုတ်ပြန်ပေးသွားမည်ဟုလည်း ဆိုသည်။
ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်း နှင့် ကျောင်းကုန်း ကျေးရွာများသို့ တပ်မ ၇၇ ဦးဆောင်သော အင်အား ၁၀၀ ပါ စစ်ကြောင်း ၄ ကြောင်းဖြင့် မတ်လ ၅ ရက်၊ နံနက် ၅ နာရီဝန်းကျင်တွင် ဝင်ရောက်လာခဲ့ပြီး ပြည်သူ ၃၀၀ကျော်ကို ဖမ်းဆီးခဲ့ကာ ပြည်သူ ၄၀ ကျော်အား သတ်ဖြတ်သွားခဲ့ကြောင်း သတ်ဖြတ်ခံရသူများထဲတွင် ကလေး၃ဦး၊ ကိုယ်ဝန်ဆောင်တစ်ဦးနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
