အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနှင့် တော်လှန်ရေး ဦးဆောင်အဖွဲ့များကြား နိုင်ငံရေးအရ ကျေလည်မှုရှိစေရေးအတွက် အချိန်ပေး တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း NUGပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။
မတ်လ ၉ ရက်ကကျင်းပသော ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီးချုပ်က အမှာစကားပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ သလို အားကောင်းသည့် စုဖွဲ့မှုမှတစ်ဆင့် အာဏာရှင်စနစ် အမြစ်ပြတ် ဖယ်ရှားနိုင်ရေးနှင့် ဖက် ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါက်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း လည်း ဆိုသည်။
“တော်လှန်ရေးကာလ ၅ နှစ်တာအတွင်း နိမ့်မြင့်တက်ကျမျိုးစုံကို ဖြတ်သန်းခဲ့ကြပြီးဖြစ်သလို အခက် အခဲမျိုးစုံ စမ်းသပ်မှုမျိုးစုံကိုလည်း ကြုံတွေ့ခဲ့ရပေမယ့် ကျနော်တို့ အားလုံးရဲ့ ကြားမှာ ယုံကြည်မှု တည်ဆောက်ထားနိုင်တာကြောင့် ယနေ့အထိ ခရီးဆက်နိုင်တာဖြစ်ပါတယ်။ အောင်ပွဲကို ရောက်ခါ နီးတာနဲ့အမျှ ကျနော်တို့ အချင်းချင်းကြားမှာ ပိုမို စည်းလုံးညီညွတ်စွာ၊ တာဝန်ယူမှုရှိစွာနဲ့ နီးနီးကပ် ကပ် ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။
ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် စစ်ကော်မရှင်၏ အတုအ ယောင်ရွေးကောက်ပွဲသည် တရားမဝင်ကြောင်းနှင့် ပြည်သူတစ်ရပ်လုံးက ဆန္ဒမဲပေး ရွေးချယ်တင် မြှောက်ခဲ့သည့် ၂၀၂၀ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဆောင်ရွက်လျက်ရှိသော ပြည် ထောင်စုလွှတ်တော်နှင့် ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်အပါအဝင် ပြည်နယ်နှင့် တိုင်း/ဖက် ဒရယ် ယူနစ် လွှတ်တော်များသည်သာ တရားဝင်လွှတ်တော်များဖြစ်ကြောင်း ကန့်ကွက်သူ မရှိ မှတ်တမ်းတင်ခဲ့သည်ဟု ရန်ကုန်လွှတ်တော်က ထုတ်ပြန်ထားသည်။
“၂၀၂၀ခုနှစ်ရွေးကောက်ပွဲ ရလဒ်ဟာ ပြည်သူ့အာဏာပိုင်ဆိုင်မှုကို ဖော်ပြတဲ့ နိုင်ငံရေးမှတ်ကျောက် တခုဖြစ်သလို ကျနော်တို့ တော်လှန်ရေးရဲ့ တရားဝင်မှု အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်” ဟု မန်းဝင်ခိုင်သန်းက ပြောသည်။
ထို့အပြင်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် အထူးဦးစားပေးလုပ်ငန်းစဉ်ဖြစ်ကြောင်း အရေးကြီး အဆိုတရပ် တင်သွင်း ခဲ့ရာ ရန်ကုန် ဖက်ဒရယ်ယူနစ်လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူညီသဖြင့် မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။
“မနေ့ကကျင်းပတဲ့ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်က ပုံမှန်လုပ်နေကျ လွှတ်တော်အစည်းအ ဝေး တစ်ရပ်ပါပဲ။ထူးခြားချက်ကတော့ အတုအယောင်ရွေးကောက်ပွဲက တရားမဝင်ဘူးဆိုတာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေအားလုံး လွတ်မြောက်ရေးဆိုတာ အထူးဦးစားပေးလုပ်ငန်း စဉ်ဆိုတာကို ကန့်ကွက်သူမရှိ မှတ်တမ်းတင်ခဲ့တာ”ဟု ၂၀၂၀ရွေးကောက်ခံ ရန်ကုန်တိုင်းလွှတ် တော်အမတ်တစ်ဦးက MPAသို့ပြောသည်။
ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ လည်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။
