မုံရွာ၊ ထနောင်းတောမြောက်ရွာကို စစ်တပ် အလစ်ဝင်စီးပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်

ဓာတ်ပုံ - မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး
ပုံစာ - ၂၀၂၃ခု၊ မတ်လအတွင်း ထနောင်းတောတောင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာကို စစ်တပ်က အလစ်အငိုက် ဝင်စီးကာ ပြည်သူ၂ဦးအား သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

မတ်လ ၉ ရက်၊ ည ၇နာရီခွဲခန့်က မုံရွာမြို့နယ်၊ မုံရွာ – အမြင့်လမ်းပေါ်ရှိ ထနောင်းတောမြောက် ရွာကို စစ်တပ်အထိုင်ချဂိတ်များဖြစ်သည့် ညောင်ပင်သာဂိတ်နှင့် စွမ်းရည်ထက်ဂိတ်တို့မှ ထွက် လာသော ပူးပေါင်းအင်အား ၁၀၀ခန့်ပါသည့် စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

” စစ်ကြောင်းက ပွိုင့်ဖိုက် နဲ့ လက်နက်ကြီးတွေလည်း ပါတယ်။ရုတ်တရက်ကြီး ရွာထဲကို အရှေ့၊ အနောက်ခွဲပြီး စစ်ကြောင်း ၂ကြောင်းနဲ့ ၀င်စီးတာ။ ပြည်သူတွေက စစ်ကြောင်းလာတာကို မသိ လိုက်ဘူး။ စစ်ကြောင်းစထွက်လာတဲ့နေရာနဲ့ ရွာနဲ့ကလည်း ၄၊၅မိုင်လောက်ပဲ ကွာတာ။ ပြည်သူ တွေလည်း အလန့်တကြားနဲ့ ထွက်ပြေးကြတဲ့အချိန်မှာ သေနတ်နဲ့ပစ်သတ်လို့ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်။ သက်လတ်ပိုင်းတွေပါ။ ရွာကိုလည်း မီးနဲ့ရှို့သွားတယ် ” ဟု မုံရွာအခြေစိုက် ကာကွယ်ရေးရဲဘော်တစ်ဦးက MPA ကို ပြောသည်။

စစ်တပ်၏ မီးရှို့မှုကြောင့် ထနောင်းတောမြောက်ရွာမှ နေအိမ်၂လုံး မီးလောင်ပြာကျခဲ့ပြီး ပြည်သူ နေအိမ်များကို ဖောက်ထွင်းကာ စတားလင့် ၂လုံးနှင့် အခြားတန်ဖိုးရှိပစ္စည်းများ လုယက်သွား ကြောင်း သိရသည်။

” စစ်ကြောင်းထဲ ပျူမတွေလည်း ပါလာတယ်လို့သိရတယ်။ သူတို့ဆို အမျိုးသမီးအင်္ကျီအဝတ်အစား တွေပါမကျန် အကုန် ‘မ’ သွားတာ။ ပြီးတော့ ရွာထဲက နေအိမ်တွေမှာ PDF လက်ခံတဲ့ရွာတွေ ဒါမျိုး ဖြစ်မယ်။ တော်လှန်ရေးလည်း ဘယ်တော့မှမနိုင်ဘူးလို့ ရေးသွားတာတွေ ရှိတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းစစ်ကြောင်းသည် ထနောင်းတောမြောက်ရွာ၌ ညအိပ်ပြီးနောက် ယနေ့ ( မတ်လ ၁၀ ရက် ) နံနက်အစောပိုင်းက မုံရွာနမခသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

စစ်ကြောင်းဝင်ရောက်မှုကြောင့် ထနောင်းတောမြောက်ရွာအပါအဝင် ကျေးရွာ၅ရွာမှ ဒေသခံ ပြည်သူများ စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

မတ်လပထမအပတ်အတွင်း စစ်အုပ်စု၏ သတ်ဖြတ်မှုများကြောင့် အရပ်သား အနည်းဆုံး ၈၆ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) က မတ်လ ၉ရက်နေ့၌ ထုတ်ပြန်ထားသည်။