အားနည်းသူကို အနိုင်မကျင့်ရန် တရုတ်သံရုံး ထုတ်ပြန်ချက် မြန်မာပြည်သူတို့ တုံ့ပြန် ရှုတ်ချ

ကမ္ဘာကြီးသည် အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်သော တောရိုင်းဥပဒေသို့ နောက် ပြန်လှည့်ရန် မသင့်ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အပေါ် မြန်မာပြည်သူတို့က တုံ့ပြန် ရှုတ်ချ ခဲ့ကြသည်။

မတ်လ၈ရက်၊တရုတ်နိုင်ငံ၊ဘေဂျင်းမြို့တွင် ကျင်းပသော ၁၄ကြိမ်မြောက်၊တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၊စတုတ္ထအကြိမ်အစည်းအဝေးအပြီး အီရန်စစ်ပွဲနှင့်ပတ်သက်ပြီး သတင်းထောက် တစ်ဦး၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ က ဖြေကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ အထက်ပါ အတိုင်း ထပ်ဆင့် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက “လက်သီးလက်မောင်း မာကျောသန်စွမ်းတိုင်း ကျိုးကြောင်းဆီ လျော်၍ မှန်ကန်သောအကြောင်းပြချက်ရှိသည်ဟု မဆိုနိုင်ပါကြောင်း၊ ကမ္ဘာကြီးသည် အင်အားကြီး သူမှ အင်အားငယ်သူကို အနိုင်ကျင့်သော တောရိုင်းဥပဒေ (The Law of the Jungle) သို့ နောက်ပြန် လည့်၍ မသင့်ပါ”ဟု ဖော်ပြထားပြီး ယင်းပို့စ်အောက်၌ မြန်မာပြည်သူ ၄၅၀ကျော်က comment များ ရေး၍ တုံ့ပြန်ရှုတ်ချခဲ့ကြရာ တရုတ်အစိုးရအနေနှင့် မှန်ကြည့်ပြီးပြောရန်လည်း ရေးသားထားကြ သည်။

“ခင်ဗျားတို့ တရုတ်အစိုးရနဲ့ သံရုံးရဲ့အာဘော်ကို အဲ့ဒီ Comment တစ်ရာခိုင်နှုန်း ကတောင် မ ထောက်ခံဘဲ ကန့်ကွက်ရှုတ်ချနေကြတာ ခင်ဗျားတို့ကိုယ်တိုင်လည်း မြင်ကြရမှာပါ။ ဒီတော့ မြန်မာအရေးနဲ့ပတ်သက်ရင် ခင်ဗျားတို့တရုတ်အစိုးရအပေါ်ထားတဲ့ မြန်မာလူထုရဲ့ တုံ့ပြန်မှုကို ခန့်မှန်းတွက်ချက်နိုင်လိမ့်မယ်ထင်ပါတယ်။ ဒါဟာ တစ်နေ့တစ်ချိန်မှာ ခင်ဗျားတို့တရုတ်အစိုးရ ရင်ဆိုင်ကြရမယ့် အကျိုးဆက် အစပြုချက်တွေဖြစ်နေတယ်ဆိုတာ သတိထားမိနိုင်ပါစေ”ဟု Nai Seen Ko Zin အကောင့်က ဆိုသည်။

တရုတ်အစိုးရသည် စစ်ကော်မရှင်ကို ကာယကံမြောက် ထောက်ခံအကူအညီပေးကာ မြန်မာ့ပြည် တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက် ဗိုလ်ကျနေသူအဖြစ် တော်လှန်သော မြန်မာပြည်သူတို့က ရှုမြင်လျက်ရှိသည်။

“တရုတ်အစိုးရဟာ ဒေသတွင်းနိုင်ငံတွေအပေါ် ဗိုလ်ကျစိုးမိုး အနိုင်ကျင့်နေပေမဲ့ တစ်ဖက်မှာလည်း သူ့တို့ကိုယ်သူတို့ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီးစတိုင် ပုံဖော်ချင်နေတယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။

တရုတ်နိုင်ငံအနေနှင့် တောရိုင်းဥပဒေကို လက်မခံသည့်အပေါ် ကြိုဆိုကြောင်း လက်တွေ့တွင် မြန်မာနိုင်ငံအပေါ် စစ်ရေး၊ စီးပွားရေးအင်အားများကို အသုံးချပြီး ကိုယ်ကျိုးစီးပွားအတွက် တိုက်ရိုက်ရော သွယ်ဝိုက်ပါ ခြိမ်းခြောက်အကျပ်ကိုင်နေသည်မှာလည်း အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်နေခြင်းဖြစ်ကြောင်းတရုတ်၏မူဝါဒကြောင့် မြန်မာပြည်သူတို့ ၁၀စု နှစ်ပေါင်းများစွာ နစ်နာခဲ့ရကြောင်း မြန်မာ့အချုပ်အခြာအာဏာနှင့် ပြည်သူ့ဆန္ဒကို လေးစားသည့် မူဝါဒမျိုး ပြောင်းလဲကျင့်သုံးရန် သတိပေးလိုကြောင်းနှင့် မြန်မာပြည်သူတို့၏ တရုတ်အစိုးရအပေါ် သဘောထားသည် တရုတ်အစိုးရကိုယ်တိုင်စိုက်ခဲ့သည့် အကျိုးဆက်များပင်ဖြစ်ကြောင်း L Khun Ring အကောင့်ကလည်း comment ရေးသား တုံ့ပြန်ထားသည်။