ဘုရင်စနစ်ကို တမ်းတ၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဈေးလျှော့တောင်းရန် မင်းအောင်လှိုင် အသနားခံ

နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၅ နှစ်တာ အုပ်ချုပ်မှု ပြန်လည်သုံးသပ်ခြင်း အခမ်းအနား၌ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့သမိုင်းကြောင်းရှိ ဘုရင်စနစ်ကို အမွှန်းတင်ပြောဆိုခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ဖြစ်နိုင်သည်များကိုသာ တောင်းဆိုရန် ဟူ၍ လေသံပြောင်းကာ တိုက်တွန်းပြောဆိုခဲ့သည်။

၎င်း၏ ပြောကြားချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးအရ ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် နိုင်ငံရေးအရ ထွက်ပေါက်ရှာရန် အသနားခံလာခြင်းဖြစ်သည်ဟု လေ့လာသူများက ရှုမြင်ကြသည်။

မင်းအောင်လှိုင်က ဘုရင်စနစ်ကျင့်သုံးခဲ့စဉ်က မြန်မာ့ယဉ်ကျေးမှုနှင့် အဆင့်အတန်း မြင့်မားခဲ့ကြောင်း ချီးမွမ်းပြောဆိုခဲ့ပြီး ပညာရေးနှင့် စာပေကဏ္ဍများ နိမ့်ကျသွားရခြင်းမှာ အချင်းချင်း စည်းလုံးမှုအားနည်းကာ အပြန်အလှန် တိုက်ခိုက်နေကြသောကြောင့်ဖြစ်သည်ဟု ဆိုသည်။

“တကယ်တော့ မင်းအောင်လှိုင်က အခုရင်ဆိုင်နေရတဲ့ တော်လှန်ရေး အရှိန်အဟုန်ကို သမိုင်းကြောင်းနဲ့ ခုတုံးလုပ်ပြီး အပြစ်ပုံချဖို့ ကြိုးစားနေတာပါ။ တစ်ဖက်မှာလည်း သူ့ရဲ့ ပြောဆိုချက်တွေကို ကြည့်ရင် စိတ်ကူးထဲမှာ အာဏာရှင်ဆန်တဲ့ ဘုရင်စနစ်မျိုးကို တမ်းတနေတဲ့ စိတ်နေစိတ်ထားက အတော်လေးကို သိသိသာသာ ပေါ်လွင်နေပါတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

အထူးသဖြင့် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် တိုင်းရင်းသားအဖွဲ့များအနေဖြင့် ဖြစ်ချင်သည်ထက် ဖြစ်သင့်ဖြစ်ထိုက်သည် (သို့မဟုတ်) ဖြစ်နိုင်သည်ကိုသာ တောင်းဆိုရန် ဟူသော စကားရပ်ကို အသုံးပြုခဲ့သည်။

ယင်းသည် ယခင်ကကဲ့သို့ အမိန့်ပေးစေခိုင်းသည့် ပုံစံမျိုးမဟုတ်တော့ဘဲ စစ်ရေးအရ အကျပ်အတည်းဆိုက်နေသည့်အတွက် နိုင်ငံရေးအရ အပေးအယူလုပ်ရန် ဈေးဆစ်လာခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

ဝါရင့်နိုင်ငံရေးလေ့လာသူတစ်ဦးက “တကယ်တော့ မင်းအောင်လှိုင်က အခုမှ သမိုင်းကြောင်းတွေကို လိုက်ကိုးကားပြီး ညီညွတ်ရေးအကြောင်း ပြောနေတာက အချိန်နှောင်းသွားပါပြီ။ သူ့အနေနဲ့ ဘုရင်စနစ်ကို အမွှန်းတင်နေတာဟာ သူ့ရဲ့ အာဏာရှင်ဆန်တဲ့ စိတ်ဓာတ်ကို ပြနေတာဖြစ်သလို၊ တိုင်းရင်းသားတွေကို ဖြစ်နိုင်တာပဲ တောင်းပါလို့ ပြောလာတာကလည်း မြေပြင်မှာ စစ်ရေးအရ ဘာမှမတတ်နိုင်တော့လို့ နိုင်ငံရေးအရ အသက်ရှူပေါက်ရအောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။

တက်ကြွလှုပ်ရှားသူများဘက်ကမူ မင်းအောင်လှိုင်၏ မိန့်ခွန်းသည် ပြည်သူများကို လှည့်ဖြားရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း ရှုမြင်နေကြသည်။

ရန်ကုန်အခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက “တကယ်တော့ သူပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာက သူ့အာဏာတည်မြဲဖို့အတွက်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ သားသမီးတွေ ပညာသင်ခွင့် ဆုံးရှုံးနေရတာ၊ စစ်ဘေးဒုက္ခတွေ ရင်ဆိုင်နေရတာဟာ သူ့ရဲ့ အာဏာသိမ်းမှုကြောင့် ဖြစ်တယ်ဆိုတာကို သမိုင်းကြောင်းတွေနဲ့ လှည့်ပတ်ပြီး ဖုံးကွယ်ဖို့ ကြိုးစားနေတာပါပဲဗျာ” ဟု ဝေဖန်သည်။

ထို့အပြင် မင်းအောင်လှိုင်က ပညာရေးနိမ့်ကျမှုကို လက်နက်ကိုင်ပဋိပက္ခများအပေါ် ပုံချခဲ့ပြီး ငြိမ်းချမ်းရေးရရှိမှသာ ပညာရေးကောင်းမွန်မည်ဟု ဆိုခဲ့သည်။

ယင်းသည် တော်လှန်ရေးအင်အားစုများကို ပြည်သူနှင့် ရန်တိုက်ပေးရန် ကြိုးပမ်းခြင်းဖြစ်သော်လည်း လက်တွေ့မြေပြင်တွင် စစ်တပ်က စာသင်ကျောင်းများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် အခြေအနေများကိုမူ လုံးဝ ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ပေ။

စီးပွားရေးကဏ္ဍတွင်လည်း MSME လုပ်ငန်းများ တိုးတက်နေပြီဟု ပြောဆိုခဲ့သော်လည်း ပြည်တွင်း၌ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းနှင့် လောင်စာဆီပြတ်လပ်မှုကြောင့် လုပ်ငန်းရှင်များ အခက်တွေ့နေရသည့် အခြေအနေမှန်ကိုမူ လျစ်လျူရှုထားခဲ့သည်။

၎င်း၏ စီးပွားရေးသုံးသပ်ချက်များသည် လက်တွေ့မြေပြင် အခြေအနေနှင့် များစွာကွာဟနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်နေကြသည်။

အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးကိစ္စများကို တိုင်းရင်းသားအဖွဲ့များအပေါ် ပုံချပြောဆိုခြင်းမှာ စစ်ရေးအရ ရှုံးနိမ့်မှုများကို နိုင်ငံတကာက အထင်အမြင်လွဲမှားစေရန် ဝါဒဖြန့်ခြင်းသာ ဖြစ်သည်။

သို့သော် မြေပြင်တွင်မူ စစ်ကော်မရှင် နှင့် အဆိုပါ လုပ်ငန်းများအကြား နောက်ကွယ်က ပတ်သက်မှုများကို ပြည်သူများက သိရှိပြီး ဖြစ်သည်ဟု ဆိုကြသည်။

“ကြည့်မယ်ဆိုရင် သူ့ရဲ့လေသံက အရင်ကထက်စာရင် အများကြီး ပျော့ကျသွားတာကို တွေ့ရပါတယ်။ အခုလို တိုင်းရင်းသားတွေကို ဖြစ်နိုင်တာလေးတွေပဲ တောင်းဆိုကြပါလို့ ပြောလာရတာကိုက သူတို့ဘက်မှာ ဘာမှအားကိုးရာမရှိတော့ဘူးဆိုတဲ့ အခြေအနေမှန်ကို ဖော်ပြနေတာပါပဲ” ဟု CDM အရာရှိတစ်ဦးက ပြောသည်။

မင်းအောင်လှိုင်၏ မိန့်ခွန်းသည် နိုင်ငံအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟူသော အတုအယောင် မှတ်ကျောက်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းခြင်းဖြစ်သလို၊ တစ်ဖက်တွင်လည်း အင်အားချည့်နဲ့လာနေသော စစ်တပ်၏ အခြေအနေမှန်ကို ၎င်း၏ အသနားခံ လေသံ များမှတစ်ဆင့် ထင်ရှားစွာ ပြသလိုက်ခြင်းပင် ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ဝေဖန်ကြသည်။