ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်တွင် စစ်တပ်ဖမ်းဆီးထားသော ပြည်သူ၇၀ခန့်ကို ကယ်ထုတ်ရန် ကျန်နေသေးကြောင်း သိရသည်။
မတ်လ ၇ ရက်နှင့် ၈ ရက်တို့တွင် ညောင်လေးပင်မြို့နယ်ရှိ ရေတွင်းကုန်း ၊ ခရုကုန်းနှင့်ကျောင်းကုန်း ကျေးရွာတွင် စစ်တပ်ဖမ်းဆီးထားသော ပြည်သူ ၃၀၀ ကျော်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့သော်လည်း ဖမ်းဆီးခံထားရသည့် ပြည်သူ ၇၀ ခန့်ကျန်ရှိနေသေးကြောင်း တော်ဝင်ဒေါင်းတပ်ရင်း ထံက သိရသည်။
“စစ်ဆင်ရေးကို (မတ်လ) ၇ ၊ ၈ ရက်နေ့တွေမှာ ဆောင်ရွက်ခဲ့တာပါ။ ကယ်ထုတ်ပြီးတဲ့အထိ တိုက် ပွဲဖြစ်တာ ၅ နာရီလောက်ကြာပါတယ်။ ပြည်သူတွေ ရွာထဲမှာ ကျန်နေခဲ့သေးတာလည်း ရှိနိုင်ပါသေး တယ်။ ရေတွင်းကုန်း စာသင်ကျောင်းထဲမှာ ဖမ်းခံထားရတဲ့ အရပ်သားတွေ ရှိနေသေးတယ်လို့ သိရ ပါတယ်။ ၇၀ ခန့်ကျန်နေသေးတယ်လို့ သိရပါတယ်”ဟု တော်ဝင်ဒေါင်းတပ်ရင်းမှ တာဝန်ရှိသူတစ်ဦး က MPA သို့ပြောသည်။
ပြန်လည်ကယ်ထုတ်လာနိုင်ခဲ့သည့် ပြည်သူ ၃၀၀ ကျော်၏ ကျန်းမာရေးအခြေအနေကို အသေးစိတ် မသိရှိရသေးသော်လည်း ဆေးကုသမှု ပြုလုပ်ပေးနေကြောင်း ၎င်းကဆိုသည်။
“တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နေဖို့များပါတယ်။ ပြည်သူတွေကို ကယ်ထုတ်နေစဉ်မှာရော ကယ်ထုတ်ပြီးချိန်တွေမှာရော ယနေ့(မတ်လ ၁၀ ရက် ညပိုင်း)အထိ ဒရုန်း ၊ လေယာဉ် ၊ လက်နက်ကြီးတွေနဲ့ ရွာတွေထဲ ပစ်ခတ်နေဆဲပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
ပြည်သူများကို ကယ်ထုတ်သည့်စစ်ဆင်ရေးကို ၃၇၀၂ တပ်ရင်း ၊ Spring Warriors တပ်ရင်း ၊ အထူးကွန်မန်ဒိုတပ်ရင်း ၊ တော်ဝင်ဒေါင်းတပ်ရင်း ၊ တောကျီးကန်းတပ်ရင်း ၊ ၃၇၀၃တပ်ရင်း ၊ KNLA ကွန်မန်ဒိုတပ်ဖွဲ့များ ၊ KNLA တပ်ရင်း ၇ ၊ တပ်ရင်း ၉ နှင့် ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းဆင်နွှဲခဲ့ ခြင်းဖြစ် သည်။
ယင်းစစ်ဆင်ရေးဆင်နွှဲချိန်တွင် တော်လှန်ရေးရဲဘော် ၁၁ ဦးကျဆုံးခဲ့ပြီး ၇ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့ကာ စစ်သား ၁၀ ဦးကျော် သေဆုံး၍ ၂၀ ထက်မနည်း ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
တပ်မ ၇၇ ဦးဆောင်သည့် အင်အား ၁၀၀ ပါ စစ်ကြောင်း ၄ ကြောင်းသည် ကာမီကာဇေ ၊ လက်နက်ကြီး ၊ ဒရုန်းနှင့် လေယာဉ်များအသုံးပြု၍ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း ၊ ခရုကုန်းနှင့် ကျောင်းကုန်းကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ဓားစာခံအဖြစ် ပြည်သူ ၃၀၀ ကျော်ကို ဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်ခြင်း ၊ သတ်ဖြတ်ခြင်းတို့ကြောင့် ကလေး ၃ ဦး ၊ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနှင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၄၀ ကျော် သေဆုံးခဲ့ရကြောင်း NUG အစိုးရက မတ်လ ၉ ရက်၌ ထုတ်ပြန်ထားသည်။
