ဩစတြေးလျနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသသို့ စစ်ဘက်ဆိုင်ရာ ကင်းထောက်လေယာဉ်တစ်စင်း စေလွှတ်သွားမည်ဖြစ်ပြီး အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ ဒုံးကျည်များ ပေးပို့သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီးစ်က မတ်လ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဩစတြေးလျ၏ ယခုစစ်ရေးအရ ကူညီပံ့ပိုးမှုသည် ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် အီရန်၏ အကြောင်းမဲ့တိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရန် အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်းနှင့် ဩစတြေးလျသည် “စစ်ပွဲတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသူ မဟုတ်ကြောင်း” ကိုလည်း ၎င်းက ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ရဲ့ ပါဝင်ပတ်သက်မှုဟာ ကာကွယ်ရေးအတွက်သက်သက်ပဲ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ ရှိနေတဲ့ ဩစတြေးလျနိုင်ငံသားတွေနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေဖြစ်တဲ့ အာရပ်စော်ဘွားများပြည်ထောင်စုကို ကာကွယ်ဖို့အတွက်ပါ” ဟု အယ်လ်ဘာနီးစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဩစတြေးလျသည် ပင်လယ်ကွေ့နိုင်ငံများ၏ ဝေဟင်ပိုင်နက်ကို ကာကွယ်ရန်အတွက် ဘိုးအင်း (Boeing) ကုမ္ပဏီထုတ် E-7A Wedgetail အမျိုးအစား ကြိုတင်သတိပေးနှင့် ထိန်းချုပ်ရေး လေယာဉ်တစ်စင်းကို ကနဦးအနေဖြင့် လေးပတ်ကြာ စေလွှတ်မည်ဖြစ်သည်။
ထို့ပြင် ယူအေအီးသမ္မတ မိုဟာမက် ဘင် ဇာယတ် အယ်လ် နာယန်နှင့် ဖုန်းဖြင့် ဆွေးနွေးပြီးနောက် အဆင့်မြင့် လေကြောင်းမှလေကြောင်းပစ် လတ်တိုဒုံးကျည်များကိုလည်း ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိစစ်ပွဲကြောင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားသည် ပိတ်ဆို့သွားခဲ့ရသည်။
စစ်ပွဲစတင်ချိန်က အရှေ့အလယ်ပိုင်းဒေသတွင် ဩစတြေးလျနိုင်ငံသား ၁၁၅,၀၀၀ ခန့် ရှိနေခဲ့ပြီး၊ ပင်လယ်ကွေ့မြို့ကြီးအချို့ အီရန်၏ ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရပြီးနောက်ပိုင်း လက်ရှိတွင် နိုင်ငံသား ၂,၆၀၀ ခန့်သည် အရပ်ဘက်လေကြောင်းလိုင်းများဖြင့် နေရပ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
