စစ်ပွဲ ‘အမြန်ဆုံး’ ပြီးဆုံးတော့မည်ဟု ထရမ့်ပြောအပြီး ရေနံဈေးနှုန်းများ ကျဆင်းပြီး စတော့ဈေးကွက်များ ပြန်လည်မြင့်တက်

အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ထင်ထားသည်ထက် စောစီးစွာ ပြီးဆုံးတော့မည်ဟု ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပြီးနောက် ယနေ့ မတ်လ ၁၀ ရက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းသွားပြီး စတော့ရှယ်ယာဈေးကွက်များ ပြန်လည်မြင့်တက်လာခဲ့သည်။

ထရမ့်၏ ပြောကြားချက်ကြောင့် မတ်လ ၁၀ရက်နေ့တွင် ရေနံစိမ်းဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းခန့်အထိ ထိုးဆင်းသွားခဲ့ပြီးနောက် ၅ ရာခိုင်နှုန်းခန့်တွင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။ ယင်းမှာ ရေနံတစ်စည်လျှင် အမြင့်ဆုံး ၁၁၉ ဒေါ်လာအထိ ရောက်ရှိခဲ့ရာမှ ၈၄ ဒေါ်လာအထိ ပြန်လည်ကျဆင်းသွားခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် ဒုတိယမြောက်သီတင်းပတ်အထိ တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေပြီး စစ်ပွဲပြီးဆုံးမည့် အရိပ်အယောင် မတွေ့ရသေးသော်လည်း ထရမ့်က စစ်ဆင်ရေးများသည် နဂိုက သတ်မှတ်ထားသော တစ်လတာ အချိန်ဇယားထက် များစွာ ရှေ့ရောက်နေကြောင်း ပြောကြားခဲ့သည်။

“စစ်ပွဲက တော်တော်လေးကို ပြီးပြတ်နေပြီလို့ ထင်ပါတယ်။ သူတို့မှာ ရေတပ်လည်း မရှိတော့ဘူး၊ ဆက်သွယ်ရေးလည်း မရှိတော့ဘူး၊ လေတပ်လည်း မရှိတော့ဘူး။ စစ်ရေးအရ ကြည့်မယ်ဆိုရင် သူတို့မှာ ဘာမှမကျန်တော့ပါဘူး” ဟု ထရမ့်က CBS News သို့ ဖုန်းဖြင့် ပြောဆိုခဲ့သည်။

ဖလော်ရီဒါပြည်နယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌လည်း “စစ်ပွဲက မကြာခင် ပြီးတော့မှာပါ။ စစ်ပွဲသာ နောက်တစ်ကြိမ် ပြန်စမယ်ဆိုရင် သူတို့ (အီရန်) အရင်ထက်ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

စစ်ပွဲသည် ရက်ပိုင်း သို့မဟုတ် သီတင်းပတ်ပိုင်းအတွင်း ပြီးဆုံးနိုင်သလားဟု မေးမြန်းရာတွင် ” သိမကြာခင်ပြီးမှာပါ” ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် ကမ္ဘာ့ရေနံတင်ပို့မှု၏ ငါးပုံတစ်ပုံ ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အီရန်ဘက်က ပိတ်ဆို့ရန် ကြိုးပမ်းပါက တွက်ဆ၍မရနိုင်သော ပမာဏဖြင့် တိုက်ခိုက်သွားမည်ဟုလည်း ထရမ့်က ခြိမ်းခြောက်ခဲ့သည်။

ရုရှားသမ္မတ ပူတင်နှင့် ဆွေးနွေးပြီးနောက် “အချို့နိုင်ငံများ” အပေါ် ချမှတ်ထားသည့် ရေနံဆိုင်ရာ ပိတ်ဆို့မှုများကို လျှော့ပေါ့ပေးမည်ဟု ထရမ့်က ဆိုသည်။

ရုရှားသည် ၂၀၂၂ ခုနှစ် ယူကရိန်းကို ကျူးကျော်ခဲ့ပြီးကတည်းက ရေနံတင်ပို့မှု ကန့်သတ်ချက်များ ခံထားရသည်။

အာရှစတော့ဈေးကွက်များတွင်လည်း ဆိုးလ် (၅ ရာခိုင်နှုန်းကျော်) နှင့် တိုကျို (၂.၉ ရာခိုင်နှုန်း) တို့အပြင် ဟောင်ကောင်၊ ရှန်ဟိုင်း၊ စင်ကာပူနှင့် ဘန်ကောက် ဈေးကွက်များပါ မြင့်တက်လာခဲ့သည်။ လန်ဒန်၊ ပဲရစ်နှင့် ဖရန့်ဖတ် ဈေးကွက်များမှာလည်း ဈေးဖွင့်ချိန်တွင် အသီးသီး ပြန်လည်ဦးမော့လာခဲ့ကြသည်။

သို့သော်လည်း ရေနံစိမ်းဆိုင်ရာ ကျွမ်းကျင်သူ ပေါလ် ဆန်ကေးက “စစ်ပွဲဘယ်တော့ပြီးမလဲဆိုတာကို ရှုံးနိမ့်သူကသာ ရွေးချယ်ခွင့်ရှိတာမျိုး ဖြစ်တတ်ပါတယ်။ အီရန်က ဒီရေလက်ကြားကိစ္စကို လက်လျှော့လိုက်ပြီလားဆိုတာ ကျွန်တော်တို့ မသေချာသေးပါဘူး” ဟု ဆိုသည်။

ထို့အပြင် ရေလက်ကြားကို မနက်ဖြန်တွင် ပြန်ဖွင့်ပေးနိုင်လျှင်တောင်မှ ရေနံထုတ်လုပ်မှု လုပ်ငန်းစဉ်များ ပြန်လည်စတင်ရန် အနည်းဆုံး တစ်လခန့် အချိန်ယူရဦးမည်ဖြစ်ကြောင်းနှင့် ရုရှားအပေါ် ပိတ်ဆို့မှုလျှော့ချခြင်းမှာလည်း ရေတိုဖြေရှင်းချက် (Band-aid) သာ ဖြစ်လိမ့်မည်ဟု ၎င်းက သတိပေးခဲ့သည်။