မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ဗုံးစ ခေါင်းထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၁၀ရက် ၊ မွန်းလွဲ တစ်နာရီခွဲခန့်က ထီးလင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးတစ်လုံးကြဲချခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဗုံးစထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။
” ဗုံးသီးက ပေါင် ၃၀၀ လောက်တော့ ရှိနိုင်တယ်။ ရွာစာသင်ကျောင်းရဲ့ တောင်ဘက်ခြမ်းကို ကျတာ။ သေဆုံးသွားတဲ့ အမျိုးသားက တခြားရွာမှာ အိမ်ထောင်ကျနေတာ။ ရွာကို ကိစ္စရှိလို့ ကားနဲ့ ပြန်လာ တာ။ ကားဖြတ်တဲ့အချိန်နဲ့ ဗုံးကျတဲ့အချိန်နဲ့ တိုးပြီး ဗုံးစမှန်တာပေါ့။ ခေါင်းပြတ်ပြီးသေဆုံးသွား တယ်။ ပွဲချင်းပြီးပေါ့။ သူ့မှာ ကိုယ်ဝန်သည်အမျိုးသမီး ကျန်ခဲ့တယ်လို့ သိရတယ်။ နောက်ထပ်သေ ဆုံးသူ အမျိုးသမီးကျ ဗုံးကျတဲ့နေရာနားက အိမ်မှာရှိနေတာ။ ခေါင်းကို ဗုံးစမှန်တာပဲ။ ဆေးကုဖို့သွား ရင်း လမ်းမှာတင် ဆုံးသွားတယ်။ သူ့မှာ တစ်နှစ်အရွယ် ကလေးကျန်ခဲ့တယ်လို့ သိရတယ်” ဟု ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ယောအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
သေဆုံးသူများမှာ အသက် ၂၅ နှစ်ခန့်အရွယ် အမျိုးသားနှင့် အသက် ၂၂ နှစ် အရွယ်အမျိုးသမီးတို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသူ မရှိကြောင်း ၎င်းကပြောသည်။
” ရွာနားမှာ ဘာတိုက်ပွဲမှလည်း မရှိသလို ဘာစစ်ရေးလှုပ်ရှားမှုမှလည်း မရှိပါဘူး။ နောက်ပြီး စစ်တပ် စခန်းတွေနဲ့လည်း ဝေးတဲ့နေရာပါ။ ရွာသားတွေက အိမ်တွေ မီးလောင်တော့ မီးငြှိမ်းတဲ့ ခဏပဲနေပြီး ခုတော့ ရှောင်ကုန်ကြပါပြီ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်၂လုံး မီးလောင်ကျွမ်းခဲ့ကာ ဗုံးဒဏ်ကြောင့် နေအိမ်၃လုံး ပျက်စီးခဲ့သည်။
