တောင်ကိုရီးယားနိုင်ငံသား အမျိုးသား၊အမျိုးသမီးများကို ပစ်မှတ်ထားကာ မြှူဆွယ်လိမ်လည်သည့် မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းအဖွဲ့ဝင်များကို တောင်ကိုရီးယားတွင် ဖမ်းမိထားသည်။
တရုတ်လူမျိုးခေါင်းဆောင်၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ ကရင်ပြည်နယ်အတွင်းရှိ “ဝမ်ဂူစခန်း” (Won-gu Complex) အမည်ရှိ စခန်းအတွက် တောင်ကိုရီးယားမှ အလုပ်လုပ်ပေးနေသည့် မန်နေဂျာများ၊ လူသစ်စုဆောင်းသူများနှင့် အတိုင်ပင်ခံများအပါအဝင် သံသယရှိသူ ၉ ဦးကို မတ်လ ၁၁ ရက်နေ့တွင် အမှုဖွင့်လိုက် ကြောင်း ဆိုးလ်အရှေ့ပိုင်းခရိုင် အစိုးရရှေ့နေရုံး ထုတ်ပြန်ခဲ့သည်။
၎င်းတို့အနက် ၅ ဦးကို ဖမ်းဆီးတရားစွဲဆိုထားပြီး၊ ဖမ်းဝရမ်းထုတ်ထားသူ ၁ ဦးမှလွဲ၍ ကျန် ၃ ဦးကို ဖမ်းဆီးခြင်းမပြုဘဲ တရားစွဲဆိုထားသည်။
ဝမ်ဂူစခန်း တည်ရှိရာနေရာသည် ဂြိုဟ်တုဓာတ်ပုံများအရ “KK Park” ဟု လူသိများသည့်နေရာနှင့် ထပ်တူကျနေကြောင်း အတည်ပြုနိုင်ခဲ့သည်။
KK Park ကို ယမန်နှစ် အောက်တိုဘာလတွင် မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းခဲ့ကာ အွန်လိုင်းရာဇဝတ်မှုတွင် အသုံးပြုသည့် စက်ပစ္စည်းများကို သိမ်းဆည်းကာ လူပေါင်း ၂,၁၉၈ ဦးကို ထိန်းသိမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
အဆိုပါသံသယရှိသူများသည် “President Won-gu” ဟု အမည်ပြောင်ပေးထားသည့် တရုတ်လူမျိုးခေါင်းဆောင်၏ ညွှန်ကြားချက်ဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ယမန်နှစ် ဇန်နဝါရီလအထိ မြန်မာနိုင်ငံအခြေစိုက် ရာဇဝတ်ဂိုဏ်းနှင့် ပူးပေါင်းကာ ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြသည်ဟု စွပ်စွဲခံထားရသည်။
ယခုတရားစွဲဆိုအမှုဖွင့်ခံထားရသူများသည် ဝမ်ဂူစခန်းတွင် ရာဇဝတ်မှုများ ကျူးလွန်ပြီးနောက် တောင်ကိုရီးယားသို့ ပြန်လာကာ ငွေကြေးခဝါချမှုများကို လုပ်ဆောင်ခဲ့ကြပြီး ၎င်းတို့အနက် သံသယရှိသူတစ်ဦးကို ဖမ်းဆီးစစ်ဆေးရာမှတစ်ဆင့် မြန်မာနိုင်ငံရှိ အွန်လိုင်းရာဇဝတ်ဂိုဏ်း၏ ဖွဲ့စည်းပုံကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
