သြစတြေးလျသို့ ရောက်ရှိနေသည့် အီရန်အမျိုးသမီးဘောလုံးအသင်းမှ နောက်ထပ်အဖွဲ့ဝင်နှစ်ဦးသည် ခိုလှုံခွင့်ထပ်မံတောင်းခံခဲ့ကြောင်း မတ်လ ၁၁ ရက်တွင် သြစတြေးလျ အစိုးရက ထုတ်ပြန်ခဲ့သည်။
အသင်းသားများ မတ်လ ၁၀ ရက်ညနေပိုင်းတွင် ဆစ်ဒနီမြို့မှ ပြန်လည်မထွက်ခွာမီ ကစားသမားတစ်ဦးနှင့် အဖွဲ့ဝင်တစ်ဦးတို့သည် ဘေးကင်းလုံခြုံရာသို့ ရောက်ရှိရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ပြီး ယခင်က ခိုလှုံခွင့်တောင်းခံထားသည့် အားကစားသမား ၅ ဦးနှင့် ပူးပေါင်းသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး တိုနီဘာ့ခ် က ပြောကြားခဲ့သည်။
“ကျွန်တော် သူတို့နဲ့တွေ့တဲ့အခါ မနေ့ညက ကစားသမား ၅ ဦးကို ကမ်းလှမ်းခဲ့တဲ့အတိုင်းပဲ တူညီတဲ့ကမ်းလှမ်းမှုကို လုပ်ခဲ့ပါတယ်” ဟု ဘာ့ခ်က သတင်းထောက်များကို ပြောသည်။
“အခုဆိုရင် နောက်ထပ်အမျိုးသမီးနှစ်ဦးဟာ အရင်က ကစားသမား ၅ ဦးနဲ့ ပြန်လည်ဆုံတွေ့သွားပါပြီ” ဟု ဆိုသည်။
ဆစ်ဒနီမှ ထွက်ခွာသွားသည့် ကျန်ရှိသောအသင်းသားများသည် ယနေ့ မတ်လ ၁၁ ရက် နံနက်အစောပိုင်းတွင် မလေးရှားနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ AFP ဓာတ်ပုံများအရ သိရသည်။
အသင်းနှင့်အတူ လိုက်ပါလာသည့် အမျိုးသားကြီးကြပ်သူများက အခြားအမျိုးသမီးများ ခိုလှုံခွင့်တောင်းခံခြင်းကို တားဆီးရန် ကြိုးပမ်းနိုင်ခြေရှိသည့်အပေါ် စိုးရိမ်မှုများရှိခဲ့သည်။
ဆစ်ဒနီလေဆိပ်တွင် ကစားသမားတစ်ဦးချင်းစီကို အသင်းနှင့် သီးခြားခွဲထုတ်ကာ ခိုလှုံခွင့်ကမ်းလှမ်းချက်အပေါ် ပုဂ္ဂိုလ်ရေးအရ စဉ်းစားရန် အချိန်ပေးခဲ့ကြောင်း ဘာ့ခ်က ပြောကြားခဲ့သည်။
အီရန်-သြစတြေးလျ နွယ်ဖွား လူဝင်မှုကြီးကြပ်ရေးအကျိုးဆောင် နာမက်ဒါနိုင်းကလည်း သြစတြေးလျတွင် ဆက်လက်နေထိုင်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးရန် ယခုအပတ်အစောပိုင်းတွင် ကစားသမား ၅ ဦးနှင့် တွေ့ဆုံခဲ့သည်။
“ဒါမျိုးဖြစ်လာဖို့ ကျွန်မတို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်” ဟု သူမက AFP သို့ ပြောကြားခဲ့သည်။
“သူတို့ ဒီမှာရှိနေတုန်းက ဖိအားတွေ အများကြီးခံခဲ့ရတယ်။ ဘယ်သူနဲ့မှ စကားပြောခွင့် မရခဲ့ဘူး။ အသင်းခေါင်းဆောင်တွေ ဒါမှမဟုတ် အတွင်းရေးလုံခြုံရေးအဖြစ် ပါလာတဲ့ အီရန်အစိုးရအရာရှိတွေရဲ့ တင်းကျပ်တဲ့ စောင့်ကြည့်မှုကို ခံခဲ့ရတာပါ” ဟု သူမက ဆိုသည်။
ပြီးခဲ့သည့်အပတ်က သြစတြေးလျတွင် ကျင်းပသည့် ပြိုင်ပွဲတစ်ခု၌ နိုင်ငံတော်သီချင်းတီးဆိုချိန်တွင် အီရန်ကစားသမားများသည် လိုက်မဆိုဘဲနေခဲ့ကြသည်။
ယင်းလုပ်ရပ်မှာ အီရန်နိုင်ငံအစိုးရကို အာခံသည့် သင်္ကေတအဖြစ် ရှုမြင်ကြသည်။
အီရန်နိုင်ငံပိုင်ရုပ်သံမှ တင်ဆက်သူတစ်ဦးက အဆိုပါကစားသမားများကို “စစ်အတွင်း သစ္စာဖောက်များ” ဟု သမုတ်ခဲ့ရာ ၎င်းတို့ နေရပ်ပြန်ပါက ညှဉ်းပန်းနှိပ်စက်ခံရမည် သို့မဟုတ် ထို့ထက်ဆိုးရွားသည့် အခြေအနေများနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
အသင်းခေါင်းဆောင် ဇာရာ ဂန်ဘာရီ (Zahra Ghanbari) အပါအဝင် ကစားသမား ၅ ဦးသည် မတ်လ ၁၀ ရက်က နံနက်အစောပိုင်းတွင် အသင်းတည်းခိုရာဟိုတယ်မှ တိတ်တဆိတ်ထွက်ခွာကာ သြစတြေးလျတွင် ခိုလှုံခွင့်တောင်းခံခဲ့ခြင်းဖြစ်သည်။
အစိုးရသည် Gold Coast ရှိ ဟိုတယ်မှ ထွက်ခွာလာသော ကစားသမားများကို ဘေးကင်းလုံခြုံသည့်နေရာသို့ မပို့ဆောင်မီ ရက်ပေါင်းများစွာ လျှို့ဝှက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
အီရန်ဘောလုံးအဖွဲ့ချုပ်ကမူ ၎င်းတို့၏ ကစားသမားများသည် ပြန်ပေးဆွဲခံရခြင်း သို့မဟုတ် သြစတြေးလျတွင် နေထိုင်ရန် အဓမ္မစေခိုင်းခံရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။
“ပွဲအပြီးမှာ ကံမကောင်းစွာနဲ့ပဲ သြစတြေးလျရဲတွေ ရောက်လာပြီး ကြားဝင်နှောင့်ယှက်ခဲ့ပါတယ်။ ရရှိထားတဲ့ သတင်းတွေအရ ကစားသမား တစ်ဦး ဒါမှမဟုတ် နှစ်ဦးကို ဟိုတယ်ကနေ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်” ဟု အဖွဲ့ချုပ်ဥက္ကဋ္ဌ မယ်ဒီတက်ဂ်ျ က အီရန်နိုင်ငံပိုင်ရုပ်သံတွင် ပြောကြားခဲ့သည်။
နောက်ပိုင်းပွဲစဉ်များတွင် အသင်းသားများက အီရန်နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြသော်လည်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများကမူ ၎င်းတို့အတွက် အန္တရာယ်ရှိသွားပြီဟု သတိပေးခဲ့ကြသည်။
“အီရန်အမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းဝင်တွေဟာ အီရန်နိုင်ငံရဲ့ သိသာထင်ရှားတဲ့ ဖိအားတွေနဲ့ ခြိမ်းခြောက်မှုတွေအောက်မှာ ရှိနေပါတယ်” ဟု အီရန်ရှားဘုရင်ဟောင်း၏ သားဖြစ်သူ ရီဇာပါလာဗီ (Reza Pahlavi) က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ပြီး ၎င်းတို့၏ ဘေးကင်းလုံခြုံရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများပေးရန် သြစတြေးလျအစိုးရအား တောင်းဆိုခဲ့သည်။
