မွန်တွင် လိုင်စင်မဲ့ယာဉ်များကို ဆီမပေးတော့သဖြင့် မှောင်ခိုဈေးကွက် ကြီးထွားလာ

ဓာတ်ပုံ-ပေးပို့
ပုံစာ-မုဒုံမြို့၊မင်းခန့်ကျော်ဆီဆိုင်တွင် ယခုရက်ပိုင်းအတွင်း ဆီတန်းစီနေကြစဉ်

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်များက လိုင်စင်မဲ့ယာဉ်များကို ဆီရောင်းမပေးတော့သဖြင့် မှောင်ခိုဈေးကွက်လည်း ပိုမိုကြီးထွားလာကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ယခုနှစ်များအတွင်း စီးနင်းနေကြသည့် မော်ဒယ်မြင့်ဆိုင်ကယ်အများစုမှာ လိုင် စင်မဲ့များဖြစ်ပြီး ဆီမရတော့သဖြင့် ပြင်ပမှောင်ခိုဈေးကွက်ကိုသာ မှီခိုနေရတော့ကြောင်း ဒေသခံအ ချို့ထံက သိရသည်။

“ကျနော်တို့ မော်လမြိုင်တစ်ကြောမှာ မော်ဒယ်မြင့်တွေက လိုင်စင်မဲ့တွေချည်းလို့တောင် ပြောလို့ရ တယ်။အခု ဆီမပေးတော့ဘူး။လိုင်စင်မဲ့ကားကျတော့ ဒင်းတို့(စစ်ကော်မရှင်)ပဲစီးတာဆိုတော့ ဆီ ထည့်ပေးရတယ်”ဟု မော်လမြိုင်မြို့ခံလူမှုကူညီရေးသမားတစ်ဦးက MPAသို့ပြောသည်။

ယနေ့(မတ်၁၁ရက်)မော်လမြိုင်မြို့ 92ဓာတ်ဆီတစ်လီတာ ရည်ညွှန်းဈေးမှာ ၂၈၇၅ကျပ်ဖြစ်ပြီး 95 တစ်လီတာ ၂၉၅၅ကျပ်ဖြစ်ကာ ပြင်ပမှောင်ခိုဈေးကွက်၌ တစ်လီတာလျှင် ကျပ်၈၅၀၀ ဝန်းကျင်ရှိ ကြောင်း သိရသည်။

“စုံရက်၊မရက် ကန့်သတ်ပေးနေပေမဲ့ဒီနေ့ထိလည်း ဆီဆိုင်တွေမှာ တိုးနေတာပဲ။ဆီဝယ်ပြီး ထုတ် ရောင်းသူလည်း ရောင်းတာပဲ။ကျနော်တို့မော်လမြိုင်တို့ဘာတို့က လိုင်းကားလည်းမရှိတော့ ဆိုင် ကယ်ကိုပဲ အဓိကစီးရတယ်။အခု စုံ၊မ လုပ်လိုက်တော့ လက်လုပ်လက်စားတွေ အလုပ်သွားဖို့ တော် တော်ခက်ကုန်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

မွန်ပြည်နယ်အတွင်း စီးနေကြသည့် Wave125 , Click 160 နှင့် PCX ဆိုင်ကယ် အများစုမှာ လိုင်စင် မဲ့များဖြစ်သည်။

“သထုံမှာလည်း လိုင်စင်မရှိတဲ့ဘီးတွေကို ဆီမပေးတော့လို့ အပြင်မှာပဲ ဝယ်ထည့်နေကြတယ်”ဟု သထုံမြို့၊မင်းလမ်းနေ အိမ်ရှင်မတစ်ဦးက ပြောသည်။

ယခုအခါ စက်သုံးဆီပြဿနာအပေါ်အခြေခံကာ အခြေခံစားသောက်ကုန်ဈေးနှုန်းလည်း တက်နေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။