ထုံးစံမပျက် မင်းအောင်လှိုင်ရဲ့ လက်ညှိုးငေါက်ငေါက်စီမံခန့်ခွဲမှုနဲ့ စတင်လိုက်တာကြောင့် ထုံးစံ အ တိုင်းပဲ ပြည်သူတွေ ဝရုန်းသုန်းကား ဖြစ်ကုန်တယ်။
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် အသိပေးကြေညာချက် လို့ ဆိုတယ်။လက်ရှိ အမေရိကန်၊ အစ္စရေးနဲ့ အီရန်စစ်ပွဲ။ လောင်စာဆီသင်္ဘော ရေလမ်းကြောင်းတစ်လျှောက် အတားအဆီး အဟန့်အ တား တွေကြောင့် မတ်လ၇ရက်ကစပြီး ပုဂ္ဂလိကပိုင်ယာဉ်တွေ စုံ/မနံပါတ်အက္ခရာအလိုက် စုံရက်၊မရက် တစ် ရက်ခြားသာ ထွက်ရမှာဖြစ်ပြီး မလိုက်နာရင် အရေးယူမယ်လို့ မတ်လ၃ရက်ညမှာ စစ်ကော်မရှင် ထုတ်ပြန် ခဲ့တယ်။
ဖေဖေါ်ဝါရီ၂၈ရက်မှာ စတင်ခဲ့တဲ့ အမေရိကန်၊အစ္စရေးနဲ့ အီရန်စစ်ပွဲကြောင့် စက်သုံးဆီပြဿနာ တက်တော့မယ်ဆိုတာ ပြည်သူတွေ အထိုက်အလျောက် သဘောပေါက်ပြီးသားဖြစ်ပေမဲ့ ဆိုင်းမဆင့်ဗုံမပါ ငေါက်ငမ်းလိုက်နာခိုင်းတဲ့ ကြေညာချက်ကြောင့် နောက်တစ်ရက်၊၄ရက်နေ့မနက်မှာ နိုင်ငံအနှံ့ စက်သုံးဆီ ဆိုင်တွေရဲ့ရှေ့ ပြည်သူတွေ တန်းစီ တိုးဝှေ့ကြတော့တယ်။
မြို့ကြီးပြကြီးတွေရဲ့ ဆီဆိုင်တွေရှေ့ တန်းစီနေကြတဲ့ကားတွေ ဆိုင်ကယ်တွေက မနည်း။ဆီဆိုင်တွေ ကလည်း အခြေအနေမဟန်တော့ အကန့်အသတ်နဲ့သာ ရောင်းချပေးတော့တယ်။ပြည်သူတွေက စစ်ကော်မ ရှင်ကို အယုံအကြည်မရှိကြတာကြောင့် မကြာခင် ဆီပြတ်သွားနိုင်တယ်လို့ ထင်မှတ်ကြတယ်။ဆီမပြတ်ခင်နဲ့ စက်သုံးဆီဈေး အပေါ်လေမမိခင် အချိန်ရှိခိုက် လုံ့လစိုက် ရသလောက်တန်းစီ၊ ရလာတဲ့ဆီ အိမ်ရောက်ရင် ပုလင်းတွေ၊ပုံးတွေထဲ လှယ်ကာ နောက်တစ်ခေါက် တန်းစီတိုးဝှေ့။အထူးသဖြင့် ဆိုင်ကယ်စီးခွင့်ရတဲ့ နယ်မြို့ တွေမှာ တန်းစီတိုးဝှေ့နေတာတွေ အုန်းအုန်းထလို့။
ဒါနဲ့ မတ်လ၄ရက်၊ညနေပိုင်းမှာ စစ်ကော်မရှင်ပြောခွင့်ရ ဇော်မင်းထွန်းက အရန်ဆီ ရက်၄၀စာရှိ ကြောင်းနဲ့ဆီတင်သင်္ဘောတွေလည်း မကြာမီဆိုက်ကပ်လာဖို့ရှိကြောင်း သူတို့ရဲ့လော်ဘီချန်နယ်တွေကနေ တစ်ဆင့် မြန်မြန်ဆန်ဆန် သတင်းထုတ်ပြန်ရတော့တယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က “စုံ – မ မူဝါဒကို အရင်ကြေ ညာ မယ့်အစား အရန်ဆီ ရက်၄၀ စာ ရှိတဲ့အကြောင်းကို အရင်ကြေညာ ၊ နောက်တစ်ရက်မှ စုံ- မ မူဝါဒ ကျင့် သုံးမယ့် အကြောင်း ကြေညာရင် လူတွေ ရဲ့ စိတ်ပူပန်မှုကို လျော့ပါးစေမှာပါ။နောက်ပြီး လက်ရှိ ကြေညာ ထားတဲ့ စုံ- မ ယာဉ်မောင်းနှင်မှု ကန့်သတ်ချက်အစား စုံ-မ ခွဲခြားပြီး ဆီရောင်းချပေးတဲ့ စနစ်ကို ကျင့်သုံးသင့် ၊မသင့် လည်း ပြန်သုံးသပ် သင့်ပါတယ်”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကနေ ဝေဖန်လိုက်တော့ အဲဒီပို့စ် အောက် ရေးထားတဲ့ comment တစ်ခုက “အဲလူတွေ(စစ်ကော်မရှင်)က အဲလောက် ဦးနှောက်မသုံးနိုင်ကြ တာကိုး….”လို့ ဆိုတယ်။ထား။
ဇော်မင်းထွန်းက ရက်၄၀စာရှိတယ်လို့ ပြာယိပြာယာနဲ့ ထုတ်ပြောပေမဲ့ မတ်၅ရက်မနက်မှာလည်း တိုး ဝှေ့တန်းစီ ချွေးဒီးဒီး ဆက်ကျကြမြဲ။စက်သုံးဆီဆိုင်တွေမှာ အကန့်အသတ်နဲ့ ရောင်းချပေးနေပေမဲ့ မြို့တိုင်းရွာ တိုင်းရဲ့ ပြင်ပမှောင်ခိုဈေးကွက်ထဲမှာတော့ ပိုက်ဆံတတ်နိုင်ရင် ကြိုက်သလောက်လာဝယ် မရမရှိ။ရန်ကုန်မှာ တော့ မတ်၆ရက်ကစလို့ ဆီဆိုင်ရှေ့ တန်းစီတာတွေ လျော့သွားတယ်လို့ ဆိုကြတယ်။
မတ်လ၇ရက်ရောက်တော့ စစ်ကော်မရှင်ရဲ့ စုံ/မ မူဝါဒစတင်အသက်ဝင်တယ်ဆိုပေမဲ့ မတ်လ၁၃ရက် အထိက ပညာပေးကာလလို့ဆိုတယ်။ ရန်ကုန်မြို့မှာ ယာဉ်ထိန်းရဲတွေနဲ့ အဖွဲ့စုံဆိုတာတွေက နေရာအနှံ့မှာ တက်ကြွစွာ ပညာပေးကြရင်းနဲ့ ပညာပေးခအဖြစ် ငွေညှစ်ကြတာလည်း မီဒီယာပလက်ဖောင်းတွေပေါ် ဝုန်း ဒိုင်းကြဲနေတယ်။စုံရက်မှာ လမ်းပေါ်တက်လာတဲ့ မ နံပါတ်ကားအတွက် ပညာပေးခက အနည်းဆုံး ကျပ် ၂ သောင်း ငွေညှစ်ခံရတာကြောင့် လမ်းမပေါ် ကားတွေ အတော်ရှင်းသွားတာ တွေ့ရတယ်။
စက်သုံးဆီဆိုင်တွေမှာလည်း စုံရက်မှာ စုံယာဉ်၊ မရက်မှ မယာဉ်တွေကိုသာ ကျပ်၅သောင်းဖိုးအလွန် ဆုံး ဆီရောင်းတော့တယ်လို့ ဆိုတယ်။စစ်ကော်မရှင်ရဲ့ စုံမဇာတ်ထုပ်က 2A၊ 4A၊ 3A စတဲ့ ဂဏန်းနံပါတ်တစ် လုံးတည်းသာ ရှိတဲ့ ကားတွေအတွက် ရှင်းရှင်းလင်းလင်းရှိတာကြောင့် ကားကိုသာ တရားဝင်စီးခွင့်ရှိတဲ့ ရန် ကုန်မြို့မှာက စုံမဇာတ်ထုပ်က ပြဿနာမရှိ။
ဂဏန်း၂လုံးပါတဲ့ ဆိုင်ကယ်တွေကျတော့ တကယ့်ပြဿနာ။စစ်ကော်မရှင်ရဲ့ ကျပ်မပြည့်တဲ့ ညွှန် ကြားချက်မှာ 2A၊ 4A၊1A၊ 3A ကိုသာ ဥပမာပေး ညွှန်းထားပြီး ဂဏန်း၂လုံးပါတဲ့ ဥပမာ-63W၊ 41W စတဲ့ နံပါတ် တွေကို ညွှန်းဆိုထားခြင်းမရှိတာကြောင့် ဆိုင်ကယ်စီးခွင့်ရ မြို့ကြီး၊မြို့ငယ်တွေမှာ စုံမဇာတ်ထုပ်က စုံမဇာတ် ရှုပ်ဖြစ်လာရတော့တယ်။
ဆိုတော့ မော်လမြိုင်မြို့ စက်သုံးဆီဆိုင်တွေကျ တချို့က ရှေ့ဂဏန်း ကိုယူ၊ တချို့က နောက်ဂဏန်း ယူ၊ တချို့ကျပြန်တော့ ၂နဲ့စားတာတွေနဲ့ တစ်ကျောင်းတစ်ဂါထာ ဖြစ်ကုန်တယ်။အဲဒီပြဿနာကို စစ်ကော်မ ရှင်က ထပ်မံရှင်းလင်းခြင်း မရှိတာကြောင့် ဆီဖြည့်ရာမှာ ကိုယ့်အစီအစဉ်နဲ့ စုံ၊မ သတ်မှတ်တာက ဆီဝယ် ရာမှာ နားလည်မှုအလွဲအမှားတွေ ဖြစ်လာသလို ယာဉ်ထိန်းရဲ ဖမ်းတာကျတော့ ပိုကြီးတဲ့ ပြဿနာဖြစ်လာ ရတော့တယ်။
“အဲဒီလို မရှင်း မရှင်းတွေ ဖြစ်နေတော့ ယာဉ်ထိန်းရဲတွေကလည်း သူတို့ဘာသာ စုံ၊မ တွက်ပြီး ပိုက်ဆံတောင်းလို့ ကောင်းသွားတာပေါ့”လို့ မော်လမြိုင်မြို့ခံတစ်ဦးက ဆိုတယ်။
မတ်လ၁၃ရက်အထိက ပညာပေးကာလမို့ ရဲ့ကို ပိုက်ဆံပေးပြီး ရှင်းလိုက်ရင် ပြတ်ပေမဲ့ မတ်၁၄ရက် ကစလို့ ထောင်ထဲထည့် အရေးယူတာတွေ ရှိလာနိုင်ပြီး အခုထိတိုင် စုံမဇာတ်ရှုပ်ကို စစ်ကော်မရှင်က တရား ဝင် မရှင်းပေးသေးတာကြောင့် ဇာတ်တွေ ပိုရှုပ်ကြဦးမယ့်ကိန်း။
ဟုတ်ပြီ။ဘယ်နိုင်ငံမှာမှ မရှိသေးတဲ့ စွန့်ဦးတီထွင် မင်းအောင်လှိုင်ရဲ့ စုံမဇာတ်ရှုပ်က စက်သုံးဆီ ခြိုးခြံရေးအတွက် အမှန်တကယ်ရော ဆေးဘက်ဝင်ရဲ့လားဆိုတဲ့ မေးခွန်းကလည်း ရှိနေပြန်တယ်။
ရန်ကုန်မြို့ရှိ အလယ်အလတ်အဆင့် အီလက်ထရောနစ်လုပ်ငန်းရှင်တစ်ဦးက “ ကျနော့်ကားကို အရင်တုန်းက ဆီဖြည့်ရင် အပြည့်ဖြည့်ထားတယ်။၃-၄ရက်တစ်ခါ ဆီကုန်ရင် ထပ်ဖြည့်တယ်။နေ့တိုင်းဆီဖြည့် တယ်ဆိုတဲ့ကားက ရှားတယ်။အခု ၂ရက်ခြားတစ်ခါ ၅သောင်းဖိုး ဖြည့်လို့ရတာဆိုတော့ ဘာမှမကွာဘူး”လို့ ဆို တယ်။
ပြီးတော့ တစ်ရက်ခြားသာ လမ်းမပေါ် တက်ခွင့် ရတော့တာကြောင့် ကားစီးလို့ရတဲ့ရက်မှာ အလုပ်ကို ခပ်များများဖိလုပ်ပြီး နောက်တစ်ရက် မဖြစ်မနေလုပ်ရမယ့်အလုပ်ကို တက္ကစီဌားပြီး သွားတာကြောင့် သူ့အ တွက်တော့ လောင်စာဆီ လျှော့သုံးတာမျိုး မဖြစ်ဘူးလို့ ဆိုတယ်။
“အခု မအလ စုံမအုပ်လို့ အလုပ်ဖြစ်နေတာက ကားတွေ လိုက်ဖမ်းနေတဲ့ ရဲတွေနဲ့စစ်သားတွေပဲ။သူတို့ အတွက် သူတို့အဘက ရေဂွင်ဖန်ပေးထားသလို ဖြစ်နေတယ်”လို့ သူက ဆက်ပြောတယ်။
မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးကလည်း စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာရေးကြေ ညာချက်ကြောင့် ဆီတန်းစီတိုးကာ ကိုယ့်အတွက်ကိုယ် ဆီစုသူက စုကြပြီး နေ့စဉ် ကားနဲ့ ဆီလိုက်တန်းစီ ဝယ်ကာ ပြန်ရောင်းစားကြသူများနဲ့ မှောင်ခိုဈေးကွက်သို့ ပြန်သွင်းကြတဲ့ စက်သုံးဆီဆိုင်ဝန်ထမ်းတွေကြောင့် ယခုရက်ပိုင်းအတွင်း ဆီအရောင်းကန့်သတ်လိုက်ပေမဲ့ သိပ်ထူးခြားမယ်လို့ မထင်ကြောင်း ဆိုတယ်။
“အခု စားသောက်ကုန်တွေ ဈေး စတက်နေပြီ”လို့လည်း သူက ပြောတယ်။
အခု အရှိန်မြင့်လာနေတဲ့ အီရန်ချေမှုန်းရေးစစ်က ရေနံတစ်စည်ဈေးကို ဒေါ်လာ၁၀၀ ပတ်လည်သို့ ဆွဲ တင်လိုက်တယ်။ပြီးတော့ အီရန်နိုင်ငံရဲ့ အဓိပတိသစ်ကို ခန့်အပ်လိုက်ခြင်းက အမေရိကန်နဲ့ အစ္စရေးကို ဆက် လက်အံတုသွားမယ့်အကြောင်း သတင်းပေးပို့ချက်ဖြစ်တာမို့ အမေရိကန်သမ္မတထရမ့်ပြောသလို အချိန်တိုအ တွင်း စစ်ပွဲပြီးဖို့ မဖြစ်နိုင်ပြန်ပါဘူး။ပြီးတော့ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ မဖြတ် သန်းရဲတော့တာကြောင့် ရေနံဈေးက အခုထက် ပိုထပ်တက်လာနိုင်ခြေ။ဒါ့ကြောင့် ဘယ်နိုင်ငံမဆို လောင်စာ ဆီအတွက် အမေရိကန်ဒေါ်လာ ပိုသုံးရပါတော့မယ်။
စစ်ကော်မရှင်ဆိုတာက Black List စာရင်းဝင် ပိတ်ဆို့အရေးယူခံထားရတာကြောင့် လောင်စာဆီ ရောင်းချပေးလိုသူက ရှားရှား။ စစ်ကော်မရှင်လက်ထဲမှာ ဒေါ်လာငွေဆိုတာကလည်း ခပ်ပါးပါး။ နောက်ထပ်အ ရေးကြီးတဲ့အချက်က စစ်ကော်မရှင်ဟာ သူတို့အာဏာတည်မြဲရေးကိုသာ ဦးစားပေးအဆင့်တစ် သတ်မှတ် ထားတာကြောင့် ပြည်သူ့အတွက် လောင်စာဆီဆိုတာကို ဦးစားပေးစရာ အကြောင်းမရှိပါဘူး။ဒါ့ကြောင့် သိပ် မကြာခင်မှာ ကျပ်မပြည့်တဲ့စုံမစနစ်ထက် ပိုမိုဆိုးရွားတဲ့ အစီအစဉ်သစ်တွေကို ဆက်လက်ကြိမ်းမောင်း လိုက်နာခိုင်း လာ နိုင်ခြေ ရှိသလို ကုန်ဈေး နှုန်းတွေလည်း ထိုးထိုးထောင်ထောင်တွေ ဖြစ်လာနိုင်ပါတယ်။
အဲဒီလို အီရန်စစ်မီး၊ရေနံဈေးနဲ့ သယ်ယူပို့ဆောင်ရေးအခက်တွေကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက ဒီဝဲ ဩဃကြီးထဲမှာ ကိုယ့်နိုင်ငံမနစ်သွားစေရေးအတွက် ခြေလှမ်းတွေကို သတိကြီးကြီးထားနေချိန်မှာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ရ ဒေါက်တာမင်းအောင်လှိုင်ကတော့ အေးဆေး။မတ်လ၆ရက်က ပြုလုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာကော် မရှင်အစည်းအဝေးမှာ လာမယ့် အမည်ခံတရားမဝင်အစိုးရသစ်လက်ထက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၃ ဒဿမ၄ရာခိုင်နှုန်း ရရှိမယ်လို့ မင်းအောင်လှိုင်က မျှော်မှန်းလိုက်ပြန်တော့ ဟာဒယရွှင်ဆေး တိုက်ကျွေးနေသလားလို့တောင် ထင်မှတ်ရပါတယ်။
အာဏာလက်မလွှတ်ရရေးကလွဲလို့ တိုင်းပြည် ဘာဖြစ်ဖြစ် အေးဆေးပဲဆိုတာ အိန္ဒြေကြီးလွန်းလှတဲ့ မင်းအောင်လှိုင်ရဲ့ စီမံခန့်ခွဲမှုပညာလို့ပဲ ဆိုရတော့မယ် ထင်ပါရဲ့။
