ဘုရားသုံးဆူတွင် တရုတ်က ကျားဖြန့် အဆောက်အအုံသစ်များကို တိုးချဲ့ဆောက်လုပ်၊ အဆောက်အအုံတစ်လုံးလျှင် ဘတ် ၁ သိန်းနှုန်းဖြင့် စစ်ကော်မရှင်ကို ပေးသွင်းနေရဟုဆို

ဓာတ်ပုံ- KNU
မင်းလက်ပံ(ဖလူး) ရှိ ကျားဖြန် (Shunda Park) ငွေလိမ်ခြံ၀င်းနှင့် အလုပ်သမားများ (ပုံအဟောင်းအသုံးပြုထားပါသည်။)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ကြိမ်ချောင်းကျေးရွာတစ်ဝိုက်တွင် တရုတ်နိုင်ငံသားများ ဦးဆောင်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများက အဆောက်အအုံသစ်များကို အရှိန်အဟုန်ဖြင့် တိုးချဲ့ဆောက်လုပ်လျက်ရှိပြီး အဆောက်အအုံတစ်လုံးလျှင် ဘတ် ၁ သိန်းနှုန်းဖြင့် စစ်ကော်မရှင်ကို ပေးသွင်းနေရကြောင်း ဒေသခံသတင်းရင်းမြစ်၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ကြိမ်ချောင်း ကျားဖြန့်လုပ်ငန်းခွင်များသည် DKBA အဖွဲ့၏ လုံခြုံရေးအပြည့်အဝ တာဝန်ယူပေးမှုဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး အဆောက်အအုံသစ်များ ဆောက်လုပ်ခွင့်အတွက် စစ်ကော်မရှင်၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ထံသို့ ငွေပေးသွင်းနေရခြင်း ဖြစ်သည်။

“စကစကို အဆောက်အအုံ သေးသေးကြီးကြီး တစ်လုံးကို ဘတ် ၁ သိန်း ပေးရတယ်။ တရုတ်ကလည်း ၁၀ လုံးဆောက်မယ်ပြောပြီး ၁၀ လုံးစာပဲ ပေးတယ်။ အဲ့ဒီအချိန်မှာ အလုံး ၂၀၊ ၃၀ ဆောက်လိုက်ကြတယ်။ အဲ့ဒီမှာ စကစဘက်က သိသွားပြီး ပိုက်ဆံထပ်လာမပေးရင် လေယာဉ်တွေ ဝဲပြတယ်။ မလာရင် ကြဲပြမယ်ဆိုပြီး လွန်ခဲ့တဲ့ ၁ လပိုင်းလောက်က ဗုံးလာကြဲသွားတဲ့ဟာက ပိုက်ဆံမပေးလို့ ကွင်းနားကို လာကြဲသွားတာ ကျွဲနွားတွေ ထိသွားတယ်” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

ယခင် မြဝတီနယ်စပ်တွင်ရှိသည့် ရွှေကုက္ကိုလ်မြို့သစ်မှ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) အဆောက်အအုံများကို နိုင်ငံတကာ၏ ဖိအားပေးမှုနှင့် တရုတ်အစိုးရ၏ အပြင်းအထန် နှိမ်နင်းမှုများကြောင့် ပိတ်သိမ်းဖျက်ဆီးခံရပြီးနောက်ပိုင်း၊ ကျားဖြန့်လုပ်ငန်း ဆက်လက်လုပ်ကိုင်ရန်အတွက် စစ်ရေးအရ တင်းမာမှုများရှိနေသည့် နယ်မြေများအတွင်း ပိုမိုခိုအောင်းလာပြီး ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ၊ စစ်ကောင်စီတို့နှင့် ငွေကြေးအပေးအယူပြုလုပ်ကာ ဆက်လက်ရှင်သန်နေခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ ကျားဖြန့်လုပ်ငန်းသည် ကရင်ပြည်နယ်အတွင်းရှိ ပိုမိုလုံခြုံသည်ဟု ယူဆရသော မင်းလက်ပံ (ဖလူး) နှင့် ဘုရားသုံးဆူဒေသများသို့ ရွှေ့ပြောင်းအခြေစိုက်ကာ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း မြဝတီမြို့နယ်၊ ဖလူးဒေသကို KNLA ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်းခဲ့စဉ် လူဦးရေ နှစ်ထောင်ခန့် လုပ်ကိုင်နေသည့် ဧရာမ ကျားဖြန့်ရုံကြီးတစ်ခုကို တွေ့ရှိခဲ့သေးသည်။

ယခုကဲ့သို့ ကျားဖြန့်ဂိုဏ်းများ ပြောင်းရွှေ့လာခြင်းနှင့် ပတ်သက်၍ ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်လျက်ရှိပြီး စစ်ကော်မရှင်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား အကျိုးစီးပွားခွဲဝေမှုကြောင့် ဒေသအတွင်း စစ်ရေးတင်းမာမှုများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့်အပေါ် စိုးရိမ်နေကြသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်ကလည်း မြဝတီမြို့နယ်၊ ဖလူးဒေသရှိ ပလောတပို့ စစ်ရှောင်စခန်းအနီးရှိ ကျားဖြန့်လုပ်ငန်းဝင်းအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး နိုင်ငံခြားသားများအပါအဝင် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

“မနေ့ (မတ်လ ၁၃ ရက်) က ကျားဖြန့်ဆိုက်ဒ်ထဲ ကျတယ်။ အဲ့ဒါကြောင့် ချက်ချင်းပဲ တရုတ်တွေ ရွှေ့ကြ၊ ပြုကြတွေ လုပ်တယ်။ အခုကျတဲ့ ဆိုက်ဒ်က ဆိုက်ဒ်အသစ်ပဲ။ မနေ့က ကြဲခံထိတဲ့ နေရာကို ပထမက သိန်း ၁၀၀ ပေးပြီး ညှိတယ်လို့ ကြားတယ်” ဟု ဖလူးဒေသရှိ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

ထို့အပြင် မတ်လ ၁၄ ရက်၊ နေ့လယ်ပိုင်းတွင်လည်း မြဝတီမြို့နယ်၊ ဖလူးဒေသရှိ ပလောတပို့ (အမိုးပြာ) စစ်ဘေးရှောင်စခန်းအတွင်း အသေခံ ကာမီကာဇေဒရုန်း ကျရောက်ပေါက်ကွဲသဖြင့် စစ်ဘေးရှောင် အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံး၍ ၁ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

စာတည်း-ကိုဆန်း