ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်လက်နက်ပစ္စည်းတပ်ခွဲ (စနခ ၈၄၈) ကို ရှော့တိုက်ဒုံး ၉လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ ( မတ်လ ၁၅ရက် ) နံနက် ၂နာရီ ၅၅မိနစ်ခန့်တွင် တောင်ငူမြို့အခြေစိုက် စနခ ၈၄၈ အတွင်းရှိ လက်နက်သိုလှောင်ရုံ ၃ လုံး ၊ ခဲယမ်း သိုလှောင်ရုံ ၃ လုံး နှင့် အခြား စစ်ပစ္စည်းသိုလှောင်ရုံများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors For Myanmar က သတင်းထုတ်ပြန်သည်။
” Target ၉ ခုပါဗျ။ ၉ လုံးမှာ ၉ လုံးစလုံး ထွက်တယ်ခင်ဗျ။ အလုံးတိုင်း အောင်လို့ အတော်အားရတဲ့ မစ်ရှင် လို့ ပြောရမယ်။ ၉ လုံးထဲက Error တက်ချင်တဲ့ တစ်လုံးက direction ပြောင်းပြီး ကျနော်တို့ ပစ်ခတ်ရာနဲ့ ခပ်လှမ်းလှမ်းက စစ်တပ် စွဲထားတဲ့နေရာကို ဝင်ရောက်ပေါက်ကွဲတာမို့ အတော်အားရ တယ်။ ကာကင်း တပ်စွဲထားတဲ့ နေရာအနီးကို ကပ်ပစ်ရတာမို့ အတော်စွန့်စားရတဲ့ မစ်ရှင်ပါ ” ဟု BWM မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
စနခ ၈၄၈ သည် တောင်ပိုင်းတိုင်းအတွင်း၌ လက်နက်ခဲယမ်းများ အဓိက သိုလှောင် ဖြန့်ဖြူးပေး နေသော စစ်လက်နက် ပစ္စည်းတပ်ခွဲဖြစ်ကြောင်း BWM က ဆိုသည်။
” တိုက်ခိုက်မှုအပြီးမှာ ၈၄၈ ထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတွေ ရှိတယ်။ တစ်နာရီလောက်တော့ ကြာတယ်။ ပြန်ပစ်တာ” ဟု ၎င်းက ဆက်လက်ပြောသည်။
စနခ ၈၄၈အတွင်း ထိခိုက်ပျက်စီးမှုများကို ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို BWM ၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces ( MKCDF )၊ Anti Coup People’s Liberation Force ( ACPLF )၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာဆားခဲအဖွဲ့ တို့သည် KNLA တပ်မဟာ ၂ ၊တပ်ရင်း ၅ နှင့်ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။
မတ်လ ၁၂ရက်ကလည်း တောင်ငူ ( ကေတုမတီ )လေတပ်စခန်းအတွင်းရှိ လေယာဉ်ဆီလှောင် ကန်နှင့် အခြားပစ်မှတ်များကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
စာတည်း-ML
