ရန်ကုန်တွင် ဧည့်စာရင်းကြောင့် ဖမ်းဆီးငွေညှစ်ခံရသူ ဆက်တိုက်များနေ

ဓာတ်ပုံ- စစ်ကောင်စီ
ပုံစာ- ၂၀၂၂ခုနှစ်က ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ်တွင် ဧည့်စာရင်းစစ်နေပုံ

ရန်ကုန်မြို့တွင် ဧည့်စာရင်းဝင်စစ်ပြီး ဖမ်းဆီးငွေညှစ်ခံရသူ ဆက်တိုက်များပြားနေကြောင်း သိရ သည်။

မတ်လ၁၃ရက်ညက သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့သို့ စစ်အုပ်စုဝင်တို့က ဧည့်စာရင်း ဝင်စစ်ကာ ဧည့်စာရင်းမတိုင်ထားသည့် လူငယ်၃၀ ဝန်းကျင် ဖမ်းဆီးခံရကြောင်း ၎င်းတို့ကို တစ်ဦး လျှင် ကျပ်၃သိန်းစီတောင်းပြီး မပေးနိုင်လျှင် စစ်မှုထမ်းထဲ ထည့်မည်ဟု ခြိမ်းခြောက်ကြောင်း မတ် လ၁၁ရက်ဝန်းကျင်ကလည်း မြောက်ဒဂုံ၊ဗထူးအိမ်ရာထဲ ဧည့်စာရင်းဆက်တိုက်ဝင်စစ်ကာ ဧည့်မ တိုင်ထားသူများအား ဖမ်းဆီး ငွေညှစ်သည်ဟု ကြားသိရကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာ မျက်နှာ Rangoon Scout Network-RSN ထံက သိရသည်။

“အတိအကျတော့ မသိထားရသေးပါဘူးဗျ။ တခြားမြို့နယ်တွေမှာတော့ စစ်တာပဲ သိရပါတယ်။ ဖမ်းတာ မသိရပါဘူး”ဟု RSN တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။

ဧည့်စာရင်းမတိုင်ထားသဖြင့် ဖမ်းဆီးခံရသူ မည်မျှ ပြန်လွတ်သလဲဆိုသည်ကို မသိသေးကြောင်း ၎င်းက ဆိုသည်။

မတ်၉ရက်မှ ၁၅ရက်အတွင်း လှိုင်၊စမ်းချောင်း၊တာမွေနှင့် သာကေတမြို့နယ်တို့တွင် ဧည့်စာရင်းမ တိုင်ထားသဖြင့် ဖမ်းဆီးငွေညှစ်ခံရသူ ၃၀၊ လမ်းမပေါ်သွားလာနေစဉ် ဖမ်းဆီးခံရသူ ၁၀ဦး၊ အိမ်ထဲထိ ရှာဖွေဖမ်းဆီးခံရသူ၂ဦး စုစုပေါင်း ၄၂ဦးရှိသည်ဟု သိရကြောင်း RSN က ယနေ့(မတ်၁၆ရက်) သတင်းထုတ်ပြန်ထားသည်။

စက်သုံးဆီ စုံ/မ ပြဿနာကြောင့် အများပြည်သူ အာရုံနောက်နေရသော်လည်း ရန်ကုန်တွင် ပေါ်တာ ဆွဲ လူဖမ်းခြင်းမှာ လျော့ကျသွားခြင်းမရှိကြောင်း RSN တာဝန်ရှိသူကဆိုသည်။