ထိုင်းအစိုးရသည် သံတမန်ရေး၊ လုံခြုံရေး၊ စီးပွားရေး ခေါင်းစဉ်များအောက်မှတစ်ဆင့် ရာဇဝတ်ကောင် စစ်အုပ်စုကို တရားဝင်မှုရရှိစေရန် ကြိမ်ဖန်များစွာ တံတားခင်း ပံ့ပိုးပေးနေကြောင်း Defend Myanmar Democracy ၏ အစီရင်ခံစာက ဖော်ပြသည်။
Defend Myanmar Democracy ၏”အတုအယောင် ရွေးကောက်ပွဲအလွန် – မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ချဉ်းကပ်မှုတံတားကို ပြန်လည်ပြင်ဆင်ခြင်း” အစီရင်ခံစာ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ်၊ ဧပြီအတွင်း ထိုင်းအစိုးရ၊ အစိုးရအေဂျင်စီများနှင့် ထိုင်းစီးပွားရေးလုပ်ငန်း ရှင်များသည် စစ်အုပ်စုနှင့် အစည်းအဝေးနှင့် အခမ်းအနား စုစုပေါင်း အကြိမ် ၂၇၀ ကျော် ပြုလုပ်ခဲ့ပြီး ယင်းအနက် အစည်းအဝေးပေါင်း ၂၄၀ ခန့်တွင် ထိုင်းအစိုးရ ဝန်ကြီးဌာနများ၊ လုံခြုံရေးအေဂျင်စီများ နှင့် အစိုးရဆက်စပ်အဖွဲ့အစည်းများ ပါဝင်ကြောင်း ဖော်ပြထားသည်။



“စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက် ကျူးလွန်နေချိန်မှာ ထိုင်းနိုင်ငံ က စစ်အုပ်စုကို အခုလိုထိတွေ့ဆက်ဆံနေခြင်းဟာ တစ်ကမ္ဘာလုံးကို လှည်းစားဖို့ ဖန်တီးထားတဲ့ အ မည်ခံ အယောင်ပြ အစိုးရသစ်ကို တရားဝင်ဖြစ်သွားစေနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်”ဟု Defend Myanmar Democracy အဖွဲ့ ဒါရိုက်တာ ကိုနော်အောင်က MPAသို့ပြောသည်။
ထို့အပြင် စစ်အုပ်စုကိုယ်စားလှယ်များ တက်ရောက်ခဲ့သည့် အစည်းအဝေးပေါင်း ၁၀၁ ခုကို ထိုင်း အစိုးရက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်ကိုလည်း တွေ့ရကြောင်း အစီရင်ခံစာက ဆိုသည်။
“အာဆီယံနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားနိုင်ငံနဲ့အတူ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံမှု အများဆုံးရှိနေတဲ့ တစ်နိုင်ငံဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်မြို့ရှိ ထိုင်းသံရုံးသည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံရာတွင် အတက်ကြွဆုံးနှင့် အကြိမ်ရေ အများဆုံးဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ်၊ ဧပြီအထိ ၄ နှစ်ကျော်ကာလအတွင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးသည် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုပေါင်း ၅၆ ကြိမ်အထိ ရှိခဲ့ကြောင်း သိရ သည်။
အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရများအနေနှင့် စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေး ကောက်ပွဲ လုပ်ငန်းစဉ်များမှတစ်ဆင့် ဖွဲ့စည်းထားသည့် အစုအဖွဲ့များနှင့် ထိတွေ့ဆက်ဆံနေခြင်းကို ငြင်းဆန်ရမှာဖြစ်ပြီး ယင်းအစား အားလုံးပါဝင်နိုင်ပြီး ငြိမ်းချမ်းသည့် မြန်မာနိုင်ငံကို တည်ဆောက်ရန် ကြိုးစားနေသော မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်များ၊ ဖယ်ဒရယ်ဒီမိုကရေစီ အင်အားစုများ နှင့် ပွင့်လင်းမြင်သာမှုရှိစွာ တရားဝင်ထိတွေ့ ဆက်ဆံခြင်းမျိုး လုပ်ရမှာဖြစ်ကြောင်း ကိုနော်အောင် က ပြောသည်။
