ဆိုရှယ်မီဒီယာပေါ်မှာ စစ်တိုက်နေတာမဟုတ်ဘူးဆိုပြီး ထရမ့်ကို အီရန် ခနဲ့

အမေရိကန်သမ္မတ ထရမ့်၏ လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ပြင်းထန်သော ခြိမ်းခြောက်မှုများသည် စစ်မြေပြင်၏ လက်တွေ့အခြေအနေများနှင့် များစွာကွာခြားနေကြောင်း အီရန်နိုင်ငံ Khatam al-Anbiya ဗဟိုဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် Ebrahim Zolfaghari က ဝေဖန်လိုက်သည်။

၎င်းက စစ်ပွဲများ၏ အရှုံးအနိုင်ကို ဖေ့စ်ဘွတ်ခ် သို့မဟုတ် အိတ်စ် (X) ကဲ့သို့သော ဆိုရှယ်မီဒီယာများပေါ်တွင် ဆုံးဖြတ်၍မရဘဲ လက်တွေ့ကျည်ဆန်များ ပျံနှံ့နေသည့် စစ်မြေပြင်တွင်သာ အဖြေရှာရမည်ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် အမေရိကန်က ၎င်းတို့၏ စစ်ဆင်ရေးကို Epic Furyဟု အမည်ပေးထားသည့်အပေါ် အီရန်ဘက်က ပြင်းပြင်းထန်ထန် သရော်လှောင်ပြောင်ခဲ့ကာ၊ အမေရိကန်၏ လက်ရှိအခြေအနေမှာ ဒေါသထွက်နေသည်ထက် Epic Fearဟုခေါ်သော မဟာကြောက်ရွံ့မှုများဖြင့် ရင်ဆိုင်နေရခြင်းသာဖြစ်သဖြင့် အဆိုပါစစ်ဆင်ရေးအမည်ကို ပြောင်းလဲခေါ်ဆိုရန်ပင် Ebrahim Zolfaghari က အကြံပြုသွားခဲ့သည်။

ဤကဲ့သို့ တုံ့ပြန်မှုများသည် အမေရိကန်သမ္မတ ထရမ့်၏ လူမှုကွန်ရက်ကိုအခြေခံသော သံတမန်ရေးရာနည်းဗျူဟာကို အီရန်ဘက်က လျစ်လျူရှုလိုက်သည့်သဘောလည်း ဖြစ်သည့်အပြင် အီရန်စစ်ဘက်အနေဖြင့် အမေရိကန်၏ စကားလုံးခြိမ်းခြောက်မှုများထက် မြေပြင်စစ်ရေးပြင်ဆင်မှုများကိုသာ ပိုမိုအာရုံစိုက်နေပြီး၊ မည်သို့သော ထိပ်တိုက်ရင်ဆိုင်မှုမျိုးကိုမဆို ရင်ဆိုင်ရန် အသင့်ရှိနေကြောင်း ကမ္ဘာကို သိစေလိုသည့် သဘောထားပင် ဖြစ်သည်။

လက်ရှိ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်နှင့် အီရန်အကြား စစ်ရေးတင်းမာမှုများသည် စိုးရိမ်ဖွယ်ရာ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီး အပြန်အလှန် စကားစစ်ထိုးမှုများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာနေကာ၊ အမေရိကန်ဘက်က စီးပွားရေးနှင့် စစ်ရေးအရ ပိတ်ဆို့ဖိအားပေးမှုများ ဆက်တိုက်လုပ်ဆောင်နေသော်လည်း အီရန်ကမူ ၎င်းတို့၏ ဒေသတွင်းဩဇာအာဏာကို လျှော့ချသွားမည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်လျက်ရှိသည်။

အီရန်၏ ယခုကဲ့သို့ ခနဲ့ပြောဆိုချက်သည် ထရမ့်၏ ဆိုရှယ်မီဒီယာဩဇာလွှမ်းမိုးမှုကို စိန်ခေါ်လိုက်ခြင်းဖြစ်ပြီး၊ စစ်ပွဲဆိုသည်မှာ ကီးဘုတ်ရိုက်၍ ဆုံးဖြတ်ရသည့်အရာမဟုတ်ကြောင်း သတိပေးလိုက်ခြင်းလည်းဖြစ်သည်။