ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အတွင်း နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ယခုနှစ်နွေရာသီ၏ ပြင်းထန်သောအပူဒဏ်ကို ဘေးအန္တရာယ်ကင်းစွာ ကျော်လွှားနိုင်ရန်အတွက် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) က မြို့အနှံ့အပြားတွင် အပူရှောင်စင်တာပေါင်း ၃၀၄ ခုကို ကွန်ရက်တစ်ခုသဖွယ် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
အဆိုပါ အပူဒဏ်ကာကွယ်ရေး အစီအစဉ်အား ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt က Phra Nakhon ခရိုင်အတွင်းရှိ Thewet အပန်းဖြေစင်တာ၌ ပြီးခဲ့သည့် တနင်္လာနေ့က တရားဝင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး၊ အပူရှောင်စင်တာများတွင် အဲယားကွန်းတပ်ဆင်ထားသည့် အခန်းများ၊ နားနေရန် ထိုင်ခုံနေရာများနှင့် အခမဲ့သောက်ရေသန့်များကို အပူဒဏ်ရှောင်လိုသည့် မည်သူမဆို အသုံးပြုနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။
ယခုကဲ့သို့ အပူရှောင်စင်တာများ ထားရှိရန် ဆုံးဖြတ်ရခြင်းမှာ ၂၀၂၆ ခုနှစ်၏ နွေရာသီအပူချိန်သည် စံချိန်တင်ပူပြင်းခဲ့သည့် ၂၀၂၄ ခုနှစ်ထက်ပင် ပိုမိုမြင့်မားလာနိုင်ကြောင်း ကျွမ်းကျင်သူများက ကြိုတင်သတိပေးထားခြင်းကြောင့် ဖြစ်သည်။
၎င်းစင်တာများကို မြို့နယ်ပေါင်း ၅၀ရှိ ခရိုင်ရုံးများ၊ အစိုးရစာသင်ကျောင်းများ၊ သက်မွေးဝမ်းကျောင်းသင်တန်းကျောင်းများနှင့် ပြည်သူ့ကျန်းမာရေးဌာနများ အစရှိသည့် လူစည်ကားရာနေရာများတွင် အများပြည်သူ အလွယ်တကူ ဝင်ရောက်နိုင်ရန် ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။
ထို့အပြင် မြို့တော်အုပ်ချုပ်ရေးအဖွဲ့သည် အပူရှောင်စင်တာများအပြင် ပန်းခြံငယ်များနှင့် အများပြည်သူဆိုင်ရာ နေရာများတွင်လည်း အပူဒဏ်သက်သာရေးနေရာပေါင်း ၁၇၈ ခုကို ထပ်မံဖြည့်တင်းထားပြီး ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းကာ အခမဲ့ရေသန့်ဖြည့်တင်းနိုင်မည့် နေရာပေါင်း ၂,၈၀၀ ကျော်ကိုလည်း မြို့အနှံ့တပ်ဆင်ပေးထားသည်။
အထူးသဖြင့် စင်တာများသို့ မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများနှင့် အိပ်ရာ၌လဲနေသော ဝေဒနာရှင်များအတွက် စေတနာ့ဝန်ထမ်းများနှင့် ကျန်းမာရေးအဖွဲ့များက နေအိမ်အရောက် သွားရောက်ကူညီမည့် အစီအစဉ်များကိုလည်း ထည့်သွင်းဆောင်ရွက်လျက်ရှိသည်။
ဆက်လက်၍ အပူအညွှန်းကိန်း (Heat Index) နှင့် ပတ်သက်သည့် ဘေးအန္တရာယ် သတိပေးချက်များကိုလည်း AirBKK Application နှင့် တရားဝင်ဝဘ်ဆိုက်များမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် အပူဒဏ်ကြောင့်ဖြစ်တတ်သည့် ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။
