ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အရှေ့ခြမ်းတွင် စစ်တပ်က ပြည်သူ ၃ ဦးကိုသတ်ပြီး ၅ ဦးအား ဖမ်းဆီးထားကြောင်း သိရသည်။
မတ်လ ၁၆ရက်၊ နံနက် ၅နာရီခန့်တွင် နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာ အခြေစိုက် စစ်သားများသည် အင်အား ၁၀၀ ခန့်ဖြင့် ဖလံပင်ရွာသို့ စစ်ကြောင်းထိုးလာခဲ့ရာ ဒေသခံPDFတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ဖလံပင်နဲ့ ငုတ်တိုရွာကြားမှာ တိုက်ပွဲဖြစ်ကြတာ။ တိုက်ပွဲအခြေအနေတော့ ပြောပြလို့မရနိုင်သေးဘူး။ သက်ဆိုင်ရာတွေ အချိန်တန်ရင်ထုတ်ပြန်ကြပါလိမ့်မယ်။ တိုက်ပွဲပြီးတော့ ဖလံပင်ရွာကို ဝင်မွှေကြရင်း ပြည်သူ ၃ဦးကို သတ်ပြီး ၅ဦးကို ဖမ်းဆီးသွားတယ်။အသတ်ခံရသူတွေ က သေနတ်နဲ့ ပစ်သတ်ခံရတာပါ။ အလောင်းတွေတော့ ပြန်ရဖို့ ခက်ဦးမယ်။ ဒီမနက်အခြေအနေ စောင့်ကြည့်နေရဆဲပါ ” ဟု နတ်တလင်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။
သတ်ဖြတ်ခံရသူများမှာ ဖလံပင်ရွာနေ ဦးဌေးအောင် (၄၈ နှစ် )၊ ဦးချစ်ထွန်း (၆၅နှစ် )နှင့်ဒေါ်ခင်ရီ (၆၅ နှစ်) တို့ဖြစ်သည်။
” အဖမ်းခံရသူထဲမှာ ဦးဌေးအောင်ရဲ့ ဇနီး အသက် ၄၀ အရွယ် ဒေါ်ကေသီလည်းပါတယ်။ ကျန်အဖမ်း ခံရသူတွေက ဖလံပင်ရွာက ဦးဖိုးကုန်းရဲ့ မိသားစုဝင် ၄ဦးလို့သိရပါတယ်။ အသက်အရွယ်နဲ့ ကျား၊မ အတည်ပြုဖို့လိုနေတုန်းပါ။ ခုမနက်ထိတော့ ပြန်လွတ်မလာကြသေးဘူး ” ဟု ယနေ့ ( မတ်လ ၁၇ရက် ) နံနက် ၁၀နာရီခွဲခန့်တွင် ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် မတ်လ ၁၆ရက် ညနေပိုင်း၌ ဖလံပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်မြို့နယ် ဘက်သို့ ညတွင်းချင်း ပြန်လည်ထွက်ခွာသွားရာ ဖမ်းထားသူများလည်း ပါသွားကြောင်း သိရသည်။
စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဖလံပင်ရွာရှိ နေအိမ် ၁၀လုံးခန့် မီးလောင်ပြာကျခဲ့ပြီး ဖလံပင်၊ ရှားစေးဖို၊ သရက်ပုဂံရိုး၊ ငုတ်တို၊ ညောင်ဝိုင်းနှင့် ခွေးသေကျေးရွာတို့မှ ပြည်သူများ စစ်ဘေးရှောင် နေကြကြောင်း သိရသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာတော်လှန်ရေး တပ်များက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
